ဒီဇင်ဘာ ၁ ရက်တွင် စတင်ပြောင်းလဲတော့မည့် မိုဘိုင်းအင်တာနက်အသုံးပြုခ ကောက်ခံသည့်စနစ်ကို သုံးစွဲသူအများစုက မကျေနပ်သည့်တိုင် ၎င်းတို့သတ်မှတ်ထားသည့် Data Volume စနစ်အတိုင်းသာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူများက ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိနစ်အလိုက်ဖြတ်တောက်မှုကို ဆက်လက်ကျင့်သုံးတော့ မည်မဟုတ်ကြောင်းနှင့် အသစ်ပြောင်းလဲမည့်စနစ်တွင် မိမိကြိုက်နှစ်သက်ရာ Plan ကို ရွေးချယ်နိုင်ကြောင်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
“စနစ်နှစ်မျိုးထားဖို့အစီအစဉ်မရှိဘူး။ မိနစ်အလိုက်ကောက်နေတာတွေက ဒေတာနှုန်းယူတာ အဆင်မပြေလို့ အခုလို စနစ်အသစ်ကို ကျင့်သုံးမှာဖြစ်တယ်။ ရေရှည်မှာ အဆင်ပြေမယ့် နှုန်းထားတွေဖြစ်လာမယ်လို့မြင်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းလင်းပွဲတွင် ပြောကြားသည်။
ယခုပြောင်းလဲမည့် Data Volume စနစ်တွင် သုံးစွဲသူအများဆုံး ဝေဖန်နေကြသည့် အချက်များစွာပေါ်ထွက်နေသည်။
မိမိမည်မျှဒေတာပမာဏအသုံးပြုသည်ကို မည်သို့ပြန်လည် စစ်ဆေးနိုင်မည်ဆိုသည့်အချက်သည် သုံးစွဲသူများ စိုးရိမ်နေသည့် အချက်များအနက်တစ်ခုဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး၏ တာဝန်ရှိသူများက ဒေတာပမာဏအသုံးပြုမှုကို ပြန်လည်စစ်ဆေးနိုင်သည့် Application software များစွာရှိကြောင်း ချေပပြောဆိုသည်။
သို့သော် မြန်မာ့ဆက်သွယ်ရေးက အသုံးပြုသည်ဟုဆိုသည့် ဆော့ဖ်ဝဲများကို ၎င်းတို့၏ ISP က လက်ခံခြင်းရှိ၊ မရှိနှင့်ပတ်သက်ပြီး ဦးဌေးဝင်းက “သုံးစွဲသူတွေအသုံးပြုတဲ့ ဆော့ဖ်ဝဲတွေက ထွက်တဲ့ တစ်ဦးချင်းဒေတာအသုံးပြုမှုပမာဏနဲ့ ဆက်သွယ်ရေးက ထွက်မယ့် ပမာဏဟာ သိပ်ပြီး ကွာဟချက်ရှိမှာမဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။ နည်းနည်းတော့ ကွဲလွဲမှုရှိပါမယ်” ဟု ပြောသည်။
Plan (B) တွင် တစ်လျှင် တစ်ထောင့်ငါးရာကျပ် ပေးသွင်းထားပါက 200 MB ပမာဏသုံးစွဲနိုင်မည်ဖြစ်ပြီး Plan C တွင်မူ လစဉ်ခုနစ်ထောင်ကျပ် ပေးသွင်းပြီး 1 GB အသုံးပြုနိုင်မည်ဟု ၎င်းတို့က သတ်မှတ်ထားသည်။ သို့သော် ထိုအမျိုးအစားနှစ်မျိုးလုံးတွင် သတ်မှတ်ပမာဏထက် ပိုပါက 100 KB တိုင်းကို နောက်ထပ်နှစ်ကျပ်နှုန်းထပ်မံကောက်ခံသွားမည့်အချက်သည်လည်း သုံးစွဲသူများမကျေနပ်သော အချက်တစ်ချက်ဖြစ်နေသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဦးဌေးဝင်းက “အသုံးပြုသူတွေအတွက် ကိုယ်သုံးမယ့်ပမာဏကို အများကြီးမဖြစ်အောင် ကန့်သတ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ 1 GB ကျော်တိုင်း၊ 200 MB ကျော်တိုင်း အလိုအလျောက် Plan A နှုန်းထားအတိုင်း ကောက်သွားမှာဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
သရီးဂျီစနစ်ကို ဖွင့်လိုက်သောလည်း မည်သည့် webpage တစ်ခုမျှမဖွင့်လျှင် နောက်ကွယ်မှ run နေမည့် application များအတွက် ပိုက်ဆံဖြတ်တောက်ခံရမည်မဟုတ်ဘဲ download ၊ upload များအတွက်သာ ကုန်ကျမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က မီဒီယာများသို့ ဖြေဆိုသည်။
ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်တော့မည့် မိုဘိုင်းအင်တာနက်ကောက်ခံပုံစနစ်သည် နိုင်ငံသားတစ်ဦးချင်းစီ၏ ၀င်ငွေများနှင့်ယှဉ်လျှင် များပြားနေသည်ဟု သုံးစွဲသူများက ထောက်ပြပြောဆိုနေကြသော်လည်း ဆက်သွယ်ရေးမှ တာဝန်ရှိသူများကမူ ၎င်းတို့၏ နှုန်းထားအသစ်သည် နိုင်ငံတကာနှင့်ယှဉ်လျှင် များစွာသက်သာနေကြောင်းနှင့် သုံးစွဲသူများ သက်သာအောင်သာ ပြုလုပ်ခြင်းဟုသာ ပြန်လည်ဖြေကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါအစည်းအဝေးသို့တက်ရောက်သူ ရတနာပုံတယ်လီပို့ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့က သက်သာချောင်ချိအောင်လုပ်ဖို့ပဲရှိတယ်။ ပြည်သူလူထုက ကောင်းလား၊ မကောင်းလားတောင် မခံစားကြည့်ရသေးပါဘူး။ လက်တွေ့တောင် မသိသေးဘဲ ပြောနေကြတယ်ဆိုတာကိုက စောနေပါတယ်” ဟု မီဒီယာများသို့ ကြားဖြတ်ဖြေဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြသည့် မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲမှုအများစုက လာမည့် ဒီဇင်ဘာ ၁၅ ရက်တွင် ဆက်သွယ်ရေးရုံးရှေ့၌ ကန့်ကွက်ဆန္ဒပြမည်ဟု အင်တာနက်ပေါ်ရှိ လူမှုဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသော်လည်း မြန်မာ့ဆက်သွယ်ရေးက ယင်းကိစ္စအပေါ် မည်သို့မျှစဉ်းစားဆောင်ရွက်မည်မဟုတ်ဘဲ အစီအစဉ်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ယခုလောလောဆယ်တွင် ပြောင်းလဲမည့်စနစ်အတွက် နီးစပ်ရာဆက်သွယ်ရေးစခန်းများ၌ မှတ်ပုံတင်မိတ္တူနှင့် အခမဲ့လျှောက်ထားနိုင်ရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် sms (စာတိုပို့စနစ်)ဖြင့် ပြောင်းလဲဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
လစဉ်လဆန်းပိုင်းများတွင် မိမိယူထားသည့် အမျိုးအစား၏ ပမာဏအလိုက် ဖုန်းဘီလ်ထဲမှ အလိုအလျောက် ဖြတ်တောက်သွားမည်ဖြစ်သည်။
ကျောင်းသားများအတွက် တစ်ဦးလျှင် 5 GB အသုံးပြုတိုင်း 1 GB အခမဲ့ပေးမည့် ၀န်ဆောင်မှုကို ကျောင်းသားကတ်ပြသခြင်းဖြင့် လျှောက်ထားနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
from7Day News Journal
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)