မိုဘိုင်းအင်တာနက်အသုံးပြုခအား ဇန်န၀ါရီမှသာ နှုန်းထားပြောင်း၍ ကောက်ခံမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခပြောင်းလဲကောက်ခံမှုကို အချိန်ကာလတစ်လရွှေ့ဆိုင်း ၍ ဇန်န၀ါရီလမှသာ ယခင်ကြေငြာထားသော နှုန်းထား များအား ပြန်လည် ပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။ “မီဒီယာတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ဘက်က ဈေးနှုန်းကိုပြန်လည်ပြင်ပေးဖို့ ပြောကြတယ်။ ဒါနဲ့လူကြီးက ပြန်လည်တွက်ချက်တင်ပြဖို့ ဆိုပြီးတော့ နောက်ထပ် တစ်လ ရွှေ့ဆိုင်းလိုက်တယ်။”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ မိုဘိုင်းဖုန်းဖြင့်အင်တာနက်အသုံးပြုခြင်းနှုန်းထားများအား ဒီုဇင်ဘာလ (၁) ရက်နေ့မှစတင်ကာ ပြောင်းလဲကောက်ခံ သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ နိုဝင်ဘာ (၂၉) ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေငြာခဲ့ပြီး နိုဝင်ဘာလ(၃၀) ရက်နေ့၌ မီဒီယာများအား ခေါ်ယူတွေ့ဆုံကာ ဇန်န၀ါရီလသို့ နောက်ဆုတ်ကာ ကောက်ခံသွားမည်ဖြစ်သည်။ “အခုလက်ရှိ ကောက်ခံနေတဲ့နှုန်းထားတွေကို ဇန်န၀ါရီပြောင်းကောက်ပါမယ်။ ဘယ်နှုန်းနဲ့ပြောင်းမယ် ဆိုတာတော့ မသိသေး ဘူး။ ဈေးနှုန်းကတော့ မသတ်မှတ်ရသေးဘူး။ ဒီနေ့မှဆုံးဖြတ်တာဆိုတော့ ဈေးနှုန်းကတော့ အားလုံးတွေ့ဆုံ ဆွေးနွေးပြီးတော့ မှ ပြန်လည်တင်ပြရမှာဖြစ်ပါတယ်။” ဟု အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းလင်းပြောဆိုသည်။ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူများအား နိုင်ငံပိုင်သတင်းစာများတွင် အပိုင်း (၃) ပိုင်းဖြင့် ကောက်ခံသွားမည်ဟု ကြေငြာထားခဲ့ပြီး ယခုအခါတွင် ယင်းအစီအစဉ်အတိုင်း ကောက်ခံခြင်း မပြုသေးပဲ ယခင်သတ်မှတ်ထားသော နှုန်းထား များဖြင့်သာ ကောက်ခံသွားမည်ဖြစ်ပြီး ဇန်န၀ါရီလ ရောက်မှသာ ဈေးနှုန်းပြင်ဆင်သတ်မှတ်ပြီးမှသာ ပြန်လည်ကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။ ယခင်ကောက်ခံသောနှုန်းထားများမှာ CDMA 800 MHz တွင် တစ်မိနစ်လျှင် (၄)ကျပ်၊ GSM မိုဘိုင်း ဖုန်းများတွင် တစ်မိနစ်လျှင် (၂)ကျပ် နှုန်းဖြင့် ကောက်ခံလျှက်ရှိရာမှ ပြောင်းလဲ ကောက်ခံခြင်းအတွက် မြန်မာ့ဆက်သွယ်ရေးမှ ၁၀၀ ကီလိုဘိုက်အား (၂)ကျပ်၊ ၁ အမ်ဘီအား (၂၀)ကျပ်နှင့် ၁၀၀ အမ်ဘီ အတွက် (၁၅၀၀) ကျပ်မှ (၁၈၀၀)ကျပ်အထိ ယာယီသတ်မှတ်ထားကြောင်း သိရသည်။ from myit ma kha

SHARE THIS
Previous Post
Next Post