ရဲတပ်ဖွဲ့မှ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ရခိုင် လူလတ်ပိုင်းနှင့် လူငယ်များသည် မိမိတို့၏ နေရပ်ကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြကြောင်း သတင်း ရရှိသည်။
ထိုသို့ ထွက်ပြေးကြရာတွင် တချို့မှာ ရန်ကုန်၊ မန္တလေးဘက်သို့ ထွက်ပြေးပြီး တချို့မှာ နယ်စပ်ဒေသများ၊ လက်နက်ကိုင် တပ်ဖွဲ့များ ရှိရာသို့ ဦးတည် ထွက်ပြေးနေကြသည်ဟု ဆိုသည်။
“ အခု ရခိုင်မှာ ဖြစ်နေတာက ရဲတို့ စစ်တပ်တို့က ရွာထဲကို ၀င်တယ်။ အရေးအခင်းမှာ ပါတဲ့ လူတွေကို ဖမ်းမယ်ဆီးမယ် အဲသလို ခြိမ်းခြောက်တော့ လူတွေက အကုန်လုံး ကြောက်ပြီး ထွက်ပြေးနေကြတယ်။ လူမျိုးရေး၊ ဘာရေး အရေးအခင်းဆိုတော့ လူတိုင်းလိုလိုက အနည်းနဲ့ အများပါဝင်ကြတာပါဘဲ။ တချို့ကလည်း အဖမ်းခံရမှာကို ကြောက်ပြီး ရန်ကုန်၊ မန္တလေးဘက်ကို ထွက်ပြေးသွားကြပြီး တချို့လည်း နယ်စပ်ဒေသတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ နေရာကို ထွက်ပြေးသွားကြတယ်။ အခုရွာတွေမှာ ယောင်္ကျားတွေ မရှိသလောက် ဖြစ်နေပါပြီ” ဟု မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။
မြောက်ဦးမြို့ပေါ် တစ်ခုတည်းမှ ထွက်ပြေး တိမ်းရှောင်သွားသူ ရာဂဏန်းချီပြီး ရှိကြောင်း ပြောဆိုသည်။
“ မြောက်ဦးမြို့ပေါ်ကလည်း အရေးအခင်းမှာ ကိုယ်တိုင် ကိုယ်ကျ ပါတဲ့ သူရော၊ မပါတဲ့သူရော အကုန်လုံး ထွက်ပြေးနေကြတယ်။ ရဲတပ်ဖွဲ့က ဘယ်သူတွေပါတယ်ဆိုတာကို စာရင်း မထုတ်ပြန်တော့ လူတွေက သူပါနိုး/ ကိုယ်ပါနိုးနဲ့ စိုးရိမ်ပြီး ထွက်ပြေးသွားကြတယ်။ မြို့ပေါ်က လူမူရေး တက်တက်ကြွကြွ လုပ်နေတဲ့သူ ဆိုရင် တစ်ယောက်မှ မကျန်တော့ဘူးလို့ တောင်ပြောလို့ရတယ်။ ကျန်နေတဲ့သူတွေလည်း ရှောင်တိမ်းပြီး နေထိုင်နေကြရပါတယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် အနှံ့အပြားရှိ မြို့ပေါ် ဒေသများနှင့် ကျေးရွာများမှ လူတိုင်းလိုလိုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ် ကြောက်လန့်နေရသဖြင့် အလုပ်အကိုင် ပျက်ကာ စိတ်ဖိစီးမူများ ဖြစ်ပေါ်နေကြရ၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အနေဖြင့် ဖမ်းဆီးမည့်သူများကို စာရင်းအတိအကျ ထုတ်ပြန်သင့်ကြောင်း သူက ပြောဆိုသည်။
မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ လူပေါင်း ၃၀ ခန့် ထွက်ပြေးနေကြရပြီး ရဲနှင့် စစ်တပ်က ရွာထဲကို မကြာခဏ ၀င်လာပြီး ခြိမ်းခြောက်မူများ ရှိနေကြောင်း ရွာခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“ ကျွန်မတို့ရွာမှာ မကြာခဏ ရဲနဲ့ စစ်တပ်က လူတွေကို လာရှာပါတယ်။ ဒါကြောင့် လူတွေက ထွက်ပြေးနေကြတာ သုံးဆယ်ခန့်ရှိမယ်ထင်ပါတယ်။ ကိုသာထွန်းမောင်၊ ကိုမောင်ဝင်းရွှေ၊ ကိုအောင်ဌေး၊ ကိုမောင်လုံး၊ ကိုကျော်မြသန်း စတဲ့ လူတွေ အကုန်လုံး ထွက်ပြေးနေကြရပါတယ်” ဟု ဆိုသည်။
ဒေသခံများ၏ အပြောအရ အဆိုပါ လူများကို ဖမ်းဆီးမည့် စာရင်းထဲက ပယ်ထုတ်ပေးမည်ဟု ဆိုကာ ပြည်နယ်ရဲက ကျပ်ငွေ သိန်း (၃၀) တောင်းသည်ဆိုသော သတင်းလည်း ကျေးရွာ အတွင်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။ သို့သော်လည်း နိရဉ္စရာက အဆိုပါ သတင်းကို အတည်ပြုနိုင်ခြင်း မရှိပါ။
မြောက်ဦးမြို့နယ် တချို့ကျေးရွာများတွင် အရေးအခင်းတွင် ပါဝင်သည်ဟု ဆိုကာ စွပ်စွဲ ငွေတောင်းမူများလည်း ပေါ်ပေါက်နေသဖြင့် ရွာသားများမှ ထွက်ပြေးနေကြသည်ဟု ဆိုသည်။
မြောက်ဦးမြို့နယ် သံရွှင်ပြင်၊ အထုပ်သည်မ၊ မောင်နီကျွန်း၊ ကျောက်တွင်းကုန်း၊ ဘော်ရွာဈေး၊ ပိုးဖြူပြင်စသည့် ကျေးရွာများတွင် ရဲတပ်ဖွဲ့မှ အရေးအခင်းတွင် ပါဝင်သည်ဟု စွပ်စွဲပြီး အဖမ်းမခံလိုပါက ငွေပေးရမည်ဟု ဆိုကာ ကျေးရွာသား တစ်ဦးထံမှ ကျပ်ငွေ ငါးသောင်းကနေ တစ်သိန်းထိ ကောက်ခံနေသည်ဟု သိရသည်။
သို့အတွက် ငွေမပေးနိုင်သူ ကျေးရွာသားများမှာ အလုပ်ပျက် အကိုင်ပျက် ဖြစ်ကာ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight View ( RSV) က အင်္ဂါနေ့က ဖေါ်ပြသော သတင်း တပုဒ်တွင် ပန်းမြောင်းရဲစခန်းမှ ဒုရဲအုပ် စောရွှေ ဆိုသူသည် သရက်အုပ် ဘင်္ဂလီကျေးရွာမှ ငွေ သိန်း ၅၀ ယူပြီး မူဆလင် ရွာသားများ ပေးလိုက်သော နာမည်မျာဖြင့် သရက်အုပ် မူဆလင်ကျေးရွာကို မီးရှို့သူများဟု ဆိုကာ ရခိုင် အမျိုးသားများကို စွဲချက်ပြန်တင် လိုက်ဖမ်းနေကြောင်း ဖေါ်ပြသည်။
အလားတူ ကျောက်တော်မြို့နယ်မှ ကျေးရွာအများအပြားမှ လူလတ်ပိုင်းနှင့် လူငယ်များမှာ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် နေရပ်ဒေသကို စွန့်ခွာပြီး ဘေးလွှတ်ရာကို ထွက်ပြေးသွားကြပြီး အများစုမှာ လက်နက် တော်လှန်ရေး နယ်မြေများသို့ ရောက်ရှိသွားကြသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
ယခု ရခိုင်ပြည်နယ် အတွင်းရှိ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ရသေ့တောင်တို့တွင် အောက်တိုဘာလ အရေးအခင်းနှင့် ပတ်သက်ပြီး စစ်တပ်နှင့် ရဲက လိုက်ဖမ်းနေသည်မှာ ရခိုင်အမျိုးသားများကိုသာ ဖြစ်ပြီး မူဆလင်များကိုမူ တစ်ဦးတစ်ယောက်ကိုမှ လိုက်လံ ဖမ်းဆီးခြင်း ယနေ့တိုင် မရှိသေးကြောင်း သိရသည်။
ထိုသို့ မူဆလင်များကို မဖမ်းဆီးရန်လည်း နေပြည်တော်က တိုက်ရိုက် ညွှန်ကြားထားသည်ဟု ခိုင်လုံသော သတင်းအရ သိရသည်။
http://www.narinjara.com/burmese/?p=3711
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
