ဧရာဝတီတိုင်းဒေသကြီးအတွင်းစက်သုံးဆီမှောင်ခိုတင်သွင်းမှုများ ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်သုံး
ဆီ မှောင်ခိုတင်သွင်းမှုများအား ဖမ်းဆီးရ
မိလျက်ရှိကြောင်း သတင်းရရှိပါသည်။
 ကော့သောင်းမှတစ်ဆင့် မော်လမြိုင်
လမ်းကြောင်းတစ်လျောက် စက်သုံး


ဆီမှောင်ခိုမှုများ ဖမ်းဆီးရမိပြီး နောက်ပိုင်းတွင် အဆိုပါလမ်းကြောင်းတွင် စက်သုံးဆီ မှောင်ခိုမှု လျော့ကျသွားကြောင်း သိရသည်။

သို့သော် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် စက်သုံးဆီမှောင်ခိုမှုများမှာ လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

သင်္ဘော(စက်လှေကြီး)များဖြင့် မှောင်ခိုတင်သွင်းနေခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဒီဇယ်ဆီဂါလန်ပေါင်း ၁၅၀၀၀ ၀န်းကျင် တင်ဆောင်လာသည့် မှောင်ခိုသင်္ဘော တစ်စီးအား ဒေးဒရဲမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ် ရေလမ်းကြောင်း၊ ဒေးဒရဲ ရေလမ်းကြောင်းနှင့် ဖျာပုံ ရေလမ်းကြောင်း၊ မော်လမြိုင်ကျွန်း(မော်ကျွန်း) ရေလမ်း တို့မှ စက်သုံးဆီများအား မှောင်ခိုကုန်သွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုသိမ်၊ ဒေးဒရဲ၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း ရေလမ်းကြောင်းများနှင့် အနီးဆုံးပင်လယ်ပြင်တွင် စက်သုံးဆီမှောင်ခိုတင်သွင်းလာသည့် သင်္ဘောကြီးများက လာရောက်ချထားပေးပြီး သွားရောက်သယ်ယူသည့် စက်လှေကြီးများက ပင်လယ်ပြင်ထဲတွင်ပင် အတင်အချလုပ်ကာ မှောင်ခိုသည့်နည်းကို အသုံးပြုခြင်းဖြစ်သည်ဟု သိရသည်။

''ဒေးဒရဲမြို့နယ်ထဲမှာမိတာ။ စက်လှေကလေးစီး မှောင်ခိုတင်လာတယ်ဆိုပြီး သတင်းကြိုရတယ်။ ဒါပေမယ့် အခုမိတာက နည်းနည်းပဲ တင်လာတဲ့ စက်လှေမိတာ။ အများကြီးတင်လာတဲ့ စက်လှေနှစ်စီးက ဖမ်းနေတာသိတော့ ချက်ခြင်းထွက်ပြေးသွားလို့ မမိလိုက်ဘူး။

 အခုမိတဲ့အစီးကလည်း စက်လှေကို သောင်ခုံပေါ်ကို ထိုးတင်ပြီး ထားခဲ့တယ်။ လူတွေကတော့ ထွက်ပြေးသွားတယ်။ စက်လှေနဲ့ စက်လှေပေါ်က ဆီတွေမိလိုက်တယ်။

 စက်လှေပိုင်ရှင်ကို သိတဲ့အတွက် ဆက်လိုက်ရင် သိရမှာပေါ့''ဟု ဒေးဒရဲမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
စင်ကာပူနိုင်ငံမှ စက်သုံးဆီတင်သွင်းကာ ပုဂ္ဂလိက စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချနေသည့် လုပ်ငန်းရှင် တစ်ဦးက ''ကော့သောင်းဖက်က မှောင်ခိုတာနဲ့ တရုတ်၊ ထိုင်းနယ်စပ်က မှောင်ခိုတာနဲ့ ဧရာဝတီဘက်က မှောင်ခိုတာဆိုပြီး လမ်းကြောင်းတွေရှိတယ်။

 ဒါပေမယ့် တရုတ်နိုင်ငံက ဆီဈေးမြှင့်လိုက်ပြီးတဲ့နောက် မကိုက်လို့ မသွင်းကြတော့ မှောင်ခိုတာ အလိုလို လျော့သွားတယ်။

 မော်လမြိုင်၊ ကော့သောင်းဖက်ကလည်း ကုမ္ပဏီတစ်ခု မှောင်ခိုတာမိပြီးတဲ့နောက် အဲဒီကုမ္ပဏီရော အခြားကုမ္ပဏီတွေပါ လုံးဝမှောင်မခိုတော့ဘဲ အခုတော့ ရပ်ထား တယ်။ အဲဒီအတွက် မှောင်ခိုအဓိက လမ်းကြောင်းတွေ ရပ်သွားတယ်လို့ ပြောရမှာပေါ့။

 ဖမ်းနေတဲ့အတွက် ဧရာဝတီဘက်ကလည်း ရပ်သွားမှာပဲ ထင်ခဲ့ပေမယ့် ဆက်လုပ်ကြတုန်းပဲ။ အခုမိပြီဆိုပေမယ့်လည်း ရေကြောင်းကနေ မြို့တွေထဲကိုသယ်တဲ့ အသေးလောက်ပဲရှိသေးတယ်။

တစ်ကယ်ပင်လယ်ရေကြောင်းကနေ မှောင်ခိုပြီးလာပို့နေတဲ့ သင်္ဘောကြီးတွေကတော့ လွတ်နေတုန်းပဲ''ဟု ပြောကြားခဲ့သည်။

ဖမ်းဆီးရမိပါက ထိရောက်စွာ အရေးယူခြင်း မပြုသည့်အတွက်လည်း ယခုကဲ့သို့ မှောင်ခိုလျော့ကျသွားမှုမရှိ ခြင်းဖြစ်ကြောင်း၊ မိလျင်ဒဏ်ကြေးဆောင်၊ လွတ်လျင်ခံစားရသည့်စနစ်အစား ထိရောက်စွာ အရေးယူခြင်းကသာလျင် မှောင်ခိုလျော့ကျစေမည့် နည်းလမ်းဖြစ်ကြောင်းလည်း တရားဝင်အခွန်အပြည့်အ၀ ပေးဆောင်တင်သွင်းသူများက ဆိုသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့သို့ စက်သုံးဆီတန်ချိန် ၂၀၀၀ နီးပါး (ဂါလန်ငါးသိန်းနီးပါး)ဆံ့သည့် မှောင်ခိုသင်္ဘောတစ်စီး ၀င်ရောက်ခဲ့သော်လည်း ချက်ချင်း ပြန်လည်တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

Eleven media Group

SHARE THIS