ရခိုင်ပြည်နယ်၏ အဓိက စီးပွားရေး ကုန်ထုတ် လုပ်ငန်း တစ်ခု ဖြစ်သော ဆားလုပ်ငန်းမှာ နှစ်စဉ် အရှုံးပေါ်နေသဖြင်
့ ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်း အသင်း အမူဆောင် ဒါရိုက်တာ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ ရခိုင်မှာ ဆားလုပ်ငန်းနဲ့ လုပ်ကိုင် အသက်မွေးသူ လူပေါင်း သုံးသောင်းခန့်ရှိပါတယ်။ ဧရာဝတီမှာတော့ ငါးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။ အခု ဆားလုပ်ငန်းက သုံးနှစ်ဆက်တိုက် အရှုံးပေါ်နေတဲ့ အတွက် ဒီနှစ် ဆားရာသီက စနေပြီ ဖြစ်ပေမယ့် ဆားတောင်သူတွေက ဆားလုပ်ငန်းကို လုပ်ကိုင်ဖို့ မ၀ံ့ရဲဘဲ ဖြစ်နေကြပါတယ်” ဟု သူက ဆိုသည်။
ရခိုင်တွင် ဆားလုပ်ငန်းကို မိုးအကုန် ဆောင်းရာသီ အတက်တွင် စတင်လေ့ရှိသည်။ ယခုအခါ ဆောင်းရာသီ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဆားလုပ်ငန်းကို မစတင်နိုင်ဘဲ ဖြစ်နေကြသည်။
ရခိုင်ပြည်နယ်တွင် တင်ကျန်နေသော ဆားတန်ချိန်ပေါင်းမှာ တောရောမြို့ပါ တန်ချိန် (၇) သောင်းခန့်ရှိနေပြီး ရောင်းမစွံသဖြင့် ဆားတောင်သူများ အခက်တွေ့နေရသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ဖို့ ကြိုးစားကြည့်ပါတယ်။ အခုအချိန်ထိ တန်ချိန် ၃၅၀၀ ဘဲ တင်ပို့နိုင်ပါတယ်။ နောက်ထပ် တန်ချိန် ၇၀၀၀ လောက် တင်ပို့နိုင်မလားလို့ ဘင်္ဂလာဒေခ်ျ့က ကုန်သည် တွေနဲ့ ညှိနိုင်းနေပါတယ်။ ဒါပေမယ့် သူတို့က ဈေးလျှော့ခိုင်းနေတဲ့ အတွက် အခု အခက် တွေ့နေရပါတယ်” ဟု သူက ဆိုသည်။
ရခိုင်ဘက်က ထုတ်လုပ်သော ဆားမှာ ရွှံ့များ ရောပါပြီး ဘင်္ဂလာဒေခ်ျ့ ဈေးကွက်တွင် ရောင်းချ၍ မရသဖြင့် အ၀ယ်မလိုက်ရာမှ ထပ်မံ ဈေးလျှော့ရန် ဘင်္ဂလာဒေခ်ျ့ဘက်က တောင်းဆိုလာခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ အရင်က စက်လှေပေါ် အရောက် တပိသာ ၆၀ ကျပ် ဈေးနဲ့ ပို့နေတာပါ။ ဒါကို ၅၅ ကျပ်ထိ လျှော့ပေးရမယ်။ ပီးရင် အမျိုးမျိုး အခွန်အခတွေလည်း ကျွန်တော်တို့ဘက်က ခံနေရပါတယ်။ ရောင်းစရာ နေရာမရှိတော့လည်း ရတဲ့ ဈေးနဲ့ဘဲ ရောင်းနေကြရပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှ ဆားတောင်သူများမှာ အလွန်ဆင်းရဲကြသဖြင့် ခေတ်မှီ နည်းစနစ်များကို အသုံးပြုပြီး ဆားမထုတ်လုပ်နိုင်ကြရာမှ ရခိုင်က ထုတ်သော ဆားကြမ်းများမှာ အဆင့်မမှီ အရည်အသွေး မကောင်းသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ပင် တင်ပို့ ရောင်းချနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။
မာန်အောင်မြို့နယ် ရဲကျွန်းမှ ဆားတောင်သူ တစ်ဦးကို ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာဘက်က ဆားထုတ်လုပ်ငန်း ကွာခြားပုံကို မေးမြန်းကြည့်ရာ သူက ယခုလို ရှင်းပြသည်။
“ ကျွန်တော်တို့ ရခိုင်ဆားတောင်သူတွေက ဘင်္ဂလာဒေခ်ျ့မှာလို ပလစတစ်အစတွေကို နေလှမ်းတဲ့ အခါ ဆားကွင်းတွေမှာ မခင်းနိုင်ဘူး။ ပလစတစ် အစတွေက ဈေးကြီးတဲ့ အတွက် မ၀ယ်နိုင်ဘူး။ ပလစတစ် မခင်းနိုင်တဲ့ အတွက် မြေကြီးပေါ်မှာဘဲ ဆားငံရေတွေကို ဒီအတိုင်း နေလှမ်းရတော့ ဆားထဲမှာ ရွှံ့တွေ ရောပါတာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှာက ဆားကွင်းတွေအကုန်လုံးမှာ ပလစတစ် အစတွေကိုခင်းပြီး နေလှမ်းနိုင်တော့ ဆားတွေမှာ ရွှံ့မပါဘဲ အကောင်းရတဲ့ သဘောပါ” ဟု ဆိုသည်။
မြန်မာ အစိုးရမှ ရခိုင်ပြည်နယ် ဆားလုပ်ငန်း တိုးတက်ရန် အကြံအဥာဏ်များနှင့် နည်းပညာများ ဖြန့်ဖြူးပေးသော်လည်း ရခိုင်ဆားတောင်သူများမှာ အရင်းအနှီး မရှိသဖြင့် အကောင်ထည်ဖေါ် မဆောင်ရွက်နိုင်ဘဲ ဖြစ်နေသည်ဟု ဆားလုပ်ငန်း အသင်း လူကြီးမှ ဆက်ပြောသည်။
“ အစိုးရပိုင်းက အကြံအဥာဏ်တွေ ပေးတာတွေရှိသလို နည်းပညာပိုင်းတွေကို သင်ပြတာလည်း ရှိပါတယ်။ ခက်တာက ဒီလို နည်းစနစ်တွေကို သုံးမယ်ဆိုရင် အရင်းအနှီးတွေ လိုတယ်။ ရခိုင်ဆားတောင်သူတွေမှာက အရင်းအနှီး မရှိဘူး။ ခုလို အခြေအနေမျိုးမှာ နှစ်စဉ် နှစ်တိုင်း အရှုံးပေါ်နေတော့ ဆားတောင်သူတွေက သူတို့ လုပ်ငန်းကို သူတို့ ပြန်စဖို့တောင် အနိုင်နိုင် ဖြစ်နေပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဆားအဓိက ထုတ်လုပ်သော ပြည်နယ်များထဲမှ တစ်ခု ဖြစ်သော်လည်း ယခုအချိန်ထိ ဆားသန့်စင်သော စက်ရုံ မရှိသေးသလို ရွှံ့ပါသော ဆားကိုလည်းစနစ်တကျ အရောင် ချွတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်မှ အဓိက ကုန်ထုတ်လုပ်ငန်း တစ်ခု ဖြစ်သော ဆားလုပ်ငန်းမှာ အရှုံးပေါ်ပြီး ပျက်စီး လုနီးပါး အခြေအနေသို့ ရောက်ရှိနေသဖြင့် နိုင်ငံတော် အစိုးရပိုင်းမှ အရင်းအနှီးများ စိုက်ထုတ်ကာ ရခိုင် ဆားလုပ်ငန်းကို ကျားကန်ပေးရန် ရခိုင် ဆားတောင်သူများက လိုလားနေကြသည်ဟု ဆိုသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
