သစ်တောဌာနဆင်ဝိုင်းမှဆင်များသောင်းကျန်း၍ ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ရမလို ဖြစ်နေ


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်
သစ်တောဌာန အပိုင် ဆင်ဝိုင်းတစ်ခုက ဆင်တွေ သောင်းကျန်းနေတာကြောင့်
 ဒေသခံ တိုင်းရင်းသားတွေဟာ


သူတို့ရဲ့ နေရပ် ဒေသကို စွန့်ခွာရမလို ဖြစ်နေပြီလို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။


တောင်ကုတ်မြို့ (၁၀) မိုင်ခန့် အကွာမှာရှိတဲ့ ကျောက်တံခါးကျေးရွာအနီးမှာ မြန်မာ သစ်တောဌာနက ပိုင်တဲ့ ဆင်ဝိုင်း တစ်ခု ရှိတယ်လို့ ဆိုပါတယ်။
အဲဒီ ဆင်ဝိုင်းက ဆင်တွေဟာ အနီးအနားက တောင်သူတွေ စိုက်ထားတဲ့ ဥယာဉ်ခြံမြေတွေကို ၀င်ပြီး နေ့တိုင်လိုလို စားသောက်တဲ့ အတွက် ရွာသားတွေပိုင်တဲ့ စိုက်ပျိုးပင်တွေဟာ အကုန်လုံးပျက်စီးကုန်တယ်လို့ သိရပါတယ်။

တောင်ယာစိုက်ရင်လည်း တောင်ယာစိုက်ခင်းတွေကို ၀င်ရောက်စားသောက်တယ်လို့ ဆိုပါတယ်။ အဲသလို သောင်းကျန်းနေတဲ့ ဆင်ကောင်ရေဟာ ၂၀ ၀န်းကျင်နီးပါး ရှိတယ်လို့ ပြောပါတယ်။
“ ဆင်တွေက သစ်တော ဦးစီးဌာ ဆင်ဝိုင်းက ဆင်တွေ ဖြစ်ပါတယ်။ ၂၀ လောက်ရှိမယ် ထင်ပါတယ်။

ကျွန်တော်တို့ တောင်ကုတ် မြို့နယ်မှာဆိုရင် အဲဒီ ဆင်ဝိုင်း တစ်ခုဘဲ ရှိပါတယ်။ ဆင်တွေက အယဉ်သွင်းထားပြီး သူတို့ အစာရေစာတွေကို  ဒေသခံတွေ စိုက်ပျိုးတဲ့
ဥယာဉ်ခြံမြေတွေ၊ တောင်ယာတွေကို ၀င်ရောက်စားသောက်ပါတယ်။

ဆင်ဝိုင်းက လူတွေကို တိုင်ရင်လည်း ဘာမှ အရေးယူ ဆောင်ရွက်ပေးတာ မရှိပါဘူး။ အခု ဒေသခံတွေက အထူးရောက်နေကြရပါတယ်” လို့ ရွာသား တစ်ဦးက ပြောပါတယ်။

အခုလို ဆင်တွေ သောင်းကျန်းနေတဲ့ အတွက် ဒေသခံတွေဟာ သူတို့ရဲ့ ရိုးရာ လုပ်ငန်း ဖြစ်တဲ့ တောင်ယာ လုပ်ငန်းတွေကို စွန့်လွှတ်ပြီး ၀ါးခုတ်၊ သစ်ခုတ်ပြီး ရောင်းစားကြရတဲ့ ဘ၀ အခြေအနေမျိုးကို ရောက်လာတယ်လို့ ပြောပါတယ်။

“ ခုလို ဆင်တွေက သောင်းကျန်းနေတာက တနှစ် မဟုတ်ပါဘူး။ အခုပိုဆိုးလာတာက ဆင်တွေများလာတော့ သစ်တော ဆင်ဝိုင်းက လူတွေ အစာမကျွေးနိုင်တော့ လူတွေစိုက်ပျိုးထားတဲ့ သီးနှံခင်းတွေ၊ တောင်ယာတွေကို ၀င်စားကြတယ်။

အခု ရွာသား အတော်များများဟာ ဆင်ဝိုင်းက ဆင်တွေကြောင့် မိမိတို့ရဲ့ တောင်ယာလုပ်ငန်းတွေကို စွန့်လွှတ်ပြီး တစ်ခြား ကျဘမ်း အလုပ်တွေဖြစ်တဲ့ ၀ါးခုတ်၊ သစ်ခုတ်တဲ့ အလုပ်တွေကို ပြောင်းရွှေ့ လုပ်ကိုင် လာကြရပါတယ်” လို့ ဆိုပါတယ်။

ရွာသားတွေဟာ ရိုးသားတဲ့ တောသူ တောင်သားတွေ ဖြစ်တဲ့ အတွက် ယူနီဖေါင်းမြင်ရင် ကြောက်ကြတာကြောင့် သစ်တောဌာနက ဆင်ထိန်းတွေကိုလည်း ဘာမှ ပြန်မပြောရဲကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ အနေနဲ့ သူတို့ နေရပ်ကနေ တခြားနေရာကို ပြောင်းရွှေ့ရမလို ဖြစ်နေတယ်လို့ ပြောပါတယ်။

အခုလို အခက်အခဲ ဖြစ်နေတာက ကျောက်တံခါး ရွာအပါအ၀င် အနီးအနား ဇရွက်ခုံ ဆိုတဲ့ ရွာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလို အခက်အခဲ ဖြစ်နေတဲ့ အတွက် ရွာသားတွေဟာ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူကြီးတွေကို ဒီဇင်္ဘာလ ၂၃ ရက်နေ့က လာရောက် အကြောင်းကြားတယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကုတ်မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစောချစ်မောင် ပြောတာကတော့ ရွာသားတွေဟာ တောသူ တောင်သားတွေ ဖြစ်ကြတဲ့ အတွက် ဒီလို ဖြစ်နေတဲ့ အပေါ် ဘယ်သူ့ကို တိုင်ကြား ရမယ်ဆိုတာကိုလည်း မသိဘဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

ဆင်ဝိုင်းက ဆင်တွေကြောင့် ဒေသခံ ရွာသားတွေဟာ အထူး ဒုက္ခရောက်နေကြပြီး သူတို့ အရေးကို လိုက်ပါ ဆောင်ရွက်ပေးမယ့်သူတွေလည်း မရှိ ဖြစ်နေတယ်လို့ ဦးစောချစ်မောင်က ပြောပါတယ်။

နိရဉ္စရာသတင်းဌာန

SHARE THIS
Previous Post
Next Post