
ကုလားပုန်းကျွန်း နတ်ချောင်း ကျေး
ရွာအုပ်စုနေ လယ်သမား (၇) ဦးထံမှ
စစ်တပ်က သီးစားခ အတွက်ဟု
ဆိုကာ ကျပ်ငွေ (၆) သိန်း တောင်းယူသွားသည်ဟု သိရသည်။
“ သူတို့က သီးစားခ စပါး လာတောင်းပါတယ်။
ရွာသားတွေက ဒီနှစ် စပါးလည်းမကောင်း၊ စပါးဈေးလည်း မရှိတဲ့ အတွက် မပေးနိုင်ဘူးလို့ ငြင်းတဲ့ အခါ အမ်းတပ်ရင်းကို လာရှင်းပါလို့ စစ်တပ်က ခေါ်ပါတယ်။ ရွာသားတွေက တပ်ရင်းကို သွားရှင်းဖို့ ကြောက်တော့ သီးစားခအတွက် ငွေတောင်းတော့ ကျပ်ငွေ (၆) သိန်း ပေးလိုက်ရပါတယ်” ဟု အမည်မဖေါ်လိုသူ လယ်သမား တစ်ဦးက ပြောသည်။
ငွေစု ပေးလိုက်ရသော လယ်သမားများမှာ နတ်ချောင်း ကျေးရွာ အုပ်စုမှ ဦးမောင်ဝင်းနု၊ ဦးလှစိန်ထွန်း၊ ဦးသိန်းထွန်း၊ ဦးမောင်ဘသာ၊ ဦးစိန်ထွန်းလှနှင့် ဦးဦးထွန်းလှတို့ဖြစ်သည်။
မြောက်ဦး မြို့နယ်မှ ကုလားပုန်းကျွန်း နတ်ချောင်းကျေးရွာမှ လယ်မြေဧက ၁၇၀ ကျော်ကို ၁၉၉၅ ခုနှစ်ခုနှစ်မှ စပြီး အမ်းအခြေစိုက် ခမရ- ၃၇၁ ၊ အဆရ-၈ ဆက်သွယ်ရေး တပ်ရင်း၊ ဆေးတပ်ရင်းနှင့် ကျောက်တော်အခြေစိုက် စကခ-၉ တပ်ရင်းများက သိမ်းယူခဲ့သည်။
သိမ်းယူပြီးနောက် လယ်သမားများကို သီးစား ပြန်ချပြီး စပါးများကောက်ခံခဲ့သည်။
စစ်တပ်က သီးစားခလာကောက်သည့် မြေများမှာ နတ်ချောင်းကျေးရွာနှင့် ညောင်ပင်လယ် ကျေး ရွာအကြားရှိ ရွာသားများ စုပေါင်း ပိုင်ဆိုင်သည့် လယ်မြေများနှင့် ကျွဲ၊ နွား စားကျက်မြေများ ဖြစ်ကြသည်။
အဆိုပါ မြေများကို အစိုးရ အဆောက်အဦးများ ဆောက်ရန် အတွက်လည်း မဟုတ်၊ စစ်တပ် တပ်ရင်းများ ချရန် အတွက်လည်း မဟုတ်ဘဲ နိုင်ငံတော်နှင့် တပ်မတော် နာမည်ကို အသုံးချ ခုံတုံး လုပ်ကာ ဒေသခံ စစ်အရာရှိများက သိမ်းယူခဲ့ပြီး မရှိ ဆင်းရဲသော တောင်သူ လယ်သမားများကို ပြန်လည် ဌားရမ်း သီးစားချကာ နှစ်စဉ် စပါးနှင့် ငွေများ တောင်းစားလာခဲ့ကြသည်။
ဒေသခံ တောင်သူ လယ်သမားများမှာ ၎င်းတို့၏ လယ်ကို ၎င်းတို့ လုပ်ကိုင်စားသောက်၍ ၀မ်းစာ မလုံ ဆင်းရဲ ဒုက္ခရောက်နေကြသည့် ကြားထဲ စစ်တပ်က လယ်မြေများကို သိမ်းယူသွားပြီး အဆိုပါ လယ်များကို စစ်တပ်က တဖန် ပြန်ဌားပြီး သီးစား စနစ်ဖြင့် လုပ်ကိုင် စားသောက်လာရသော အခါ ပိုမို၍ အခက်အခဲတွေ့ကာ ဆင်းရဲသထက် ဆင်းရဲ လာခဲ့ကြရသည်။
နိရဉ္စရာသတင်းဌာန