တိုင်းရင်းသားလက်နက်ကိုင်များအကြောင်းစာအုပ် ထုတ်ဝေ

မြန်မာနိုင်ငံတွင်စစ်မှန်သည့်ဒီမိုကရေစီရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များ တော်လှန်နေ သည့် အကြောင်းရင်းကို သိရန်လိုအပ်သည်ဟု တိုင်းရင်းသား လူမျိုးရေးရာ သုတေသနစင်တာBurma Centre for Ethnic Studies(BCES) ဒါရိုက်တာ ဆလိုင်းလျှန်းမုန်း ဆာခေါင်က ဆိုသည်။ “ဘာကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်ရသလဲဆိုတဲ့ အကြောင်းရင်းကို မသိရင် စစ်မှန်တဲ့ ငြိမ်းချမ်း ရေး၊ သင့်မြတ်ရေးကို မတည်ဆောက်နိုင်ဘူး။ နောက်ထပ်လက်နက်ကိုင် တော်လှန်တာကိုလည်း တားဆီးနိုင်မှာ မဟုတ်ဘူး” ဟု ဒေါက်တာ ဆလိုင်းလျှန်းမုန်း ဆာခေါင်က ပြောသည်။ တိုင်းရင်းသားများ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့သည့် အကြောင်းရင်းကို အသေးစိတ် ရေးသားဖော်ပြထားသည့် လက်နက်ဖိအား- မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ (By Force of Arms – Armed Ethnic Group in Burma) စာအုပ်ကို ဒီဇင်ဘာလ (၄) ရက်နေ့ က ထုတ်ဝေဖြန့်ချီလိုက်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခုကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း (၆၀)အတွင်း တိုင်းရင်းသားလက်နက်ကိုင်ဆောင်လာရခြင်းမှာ မြန်မာအစိုးရအဆက်ဆက် မှ လက်နက်နှင့် ဖိနှိပ်ခံနေရတာကြောင့်ဖြစ်သည်ဟု နိုင်ငံတကာနှင့် မြန်မာပြည်သူတွေ သိရှိစေရန် ရည်ရွယ်ပြီး “By Force of Arms” လက်နက်ဖိအား ဆိုသည့် ဒီစာအုပ်ကို ထုတ်ဝေလိုက်ခြင်း ဖြစ်ကြောင်းကိုလည်း ၄င်းက သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ “ဒီလက်နက်နဲ့ပေးနေတဲ့ ဖိအားကို ကျော်လွှားပြီးတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဘယ်လိုရယူမလဲ။ ဒီတိုင်းပြည်ကို ဘယ်လို ပြန်ထူထောင်သင့်သလဲ ဆိုတဲ့ဟာတွေကို ရည်ရွယ်ချက်နဲ့ လက်ရှိ တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို ကျွန်တော်တို့ ရေးတာဖြစ်တယ်။” ဟု ဒါရိုက်တာ ဆလိုင်းလျှန်းမုန်းဆာခေါင်က ပြောသည်။ အဆိုပါ စာအုပ်တွင် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့ပုံ၊ ခေါင်းဆောင်သူတွေနှင့် အင်းအားအခြေအနေ၊ BGF အသွင်ကူးပြောင်းသွားသည့် အဖွဲ့အစည်း များနှင့့်  ငြိမ်းချမ်းရေးရယူခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ နောက်ဆုံးအခြေအနေများ ကိုပါ တစ်ဖွဲ့ချင်းအလိုက် အင်္ဂလိပ်ဘာသာနှင့် အသေးစိတ် ထည့်သွင်း ရေးသားဖော်ပြထားခြင်း ဖြစ်သည်။ ထို့ပြင် ပြည်သူလူထုတစ်ရပ်လုံးအနေနှင့် တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်ရေး လုပ်ရခြင်းအပေါ် နာလည်လာစေရန်၊ ၀ိုင်းဝန်းအဖြေရှာကြရန်နှင့် စိတ်ဆန္ဒရှိလာစေရန် အတွက်လည်း ၎င်းစာအုပ်အားရေးသားရခြင်းဖြစ်သည်ဟု သိရသည်။ တိုင်းရင်းသား လူမျိုးရေးရာ သုတေသနစင်တာ (Burma Centre for Ethnic Studies) ကို၂၀၁၂ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်ပြီး ယင်းစာအုပ်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအသီးသီး၏ သမိုင်းကြောင်းများ၊ ဦးဆောင်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်များ၏ အထ္ထုပတ္တိ များကို ရေးသားပြုစုနေသည့် အဖွဲ့ဖြစ်ပြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းမှာ “Martin Luther King Prize” ဆုရှင်တစ်ဦးဖြစ်သည်။from RSV

SHARE THIS
Previous Post
Next Post