နောက်တာ မဟုတ်ပါဘူးခင်ဗျာ။ ခပ်ချွန်ချွန်ဘုရား ရွေးဖူးရစေရဲ့။ ကျွန်တော်
မြင်မိတာလေးတွေ ကျွန်တော် တွေးနေမိတာပါ။ ကျွန်တော်တို့က
ခေတ်လူလတ်ပိုင်းဆိုတော့ စည်းမဲ့ကမ်းမဲ့ နေလို့ ဘုရင် အဖမ်းခံသွားရတာကို
သိပ်မသနားဘူးခင်ဗျာ။ ကျွန်တော်တို့ရဲ့ ရိုးရာ အမွေအနှစ် ထီးဖြူနှစ်ချောင်း
ပျောက်သွားတာတော့ ရင်နာသဗျ။ သေချာ တွေးကြည့်တော့လည်း အခုခေတ်လူတွေ
စည်းနဲ့ကမ်းနဲ့ မနေထိုင်တတ်ကြတော့တာ အပြစ်မဆိုသာပေဘူးခင်ဗျ။ တန်းစီရမှာကို
တန်းမစီဘဲ ကျွန်တော် ကျွန်မကတော့ဖြင့် ပစ္စည်းကလေး နှစ်ခုလောက်သာ ဝယ်လို့
အရင် စာရင်းရှင်းပါရစေ လုပ်တာမျိုး၊ လမ်းရွေးတာ မှားသွားလို့ဆိုတဲ့
ပုံမျိုးဖမ်းပြီး၊ လက်ကလေး တစ်ချောင်းထောင်ပြီး ကားကားချင်း
ကြားဖြတ်ဝင်တာမျိုးတို့ ဆိုတာတွေက ဘယ်ဒီခေတ်ထဲက ဟုတ်မတုန်း။
ကြာကြာလှခဲ့ပြီဥစ္စာ။ ကျွန်တော်တို့တွေ ဘယ်တုန်းက စည်းကမ်း
ရှိခဲ့ကြတုန်းဗျာ။ ရိုးရိုးကိစ္စ မပြောနဲ့။ ကြီးကြီးမားမား
လူမှုရေးကိစ္စတွေမှာပဲ ကြည့်ဗျာ။ ရနောင်မောင်မောင်တုတ် ဆိုတဲ့ ငနဲ
ကြားဖူးတဲ့သူ များပါတယ်။ ဒီငနဲဟာ သူ့ရွှေခေတ်မှာ စည်းမဲ့ကမ်းမဲ့
သူများမယားပါ ကြာခိုခဲ့တာကလားဗျ။ အာဏာနဲ့ လူမှုရေး ဖောက်ပြန်မှုတွေ အများကြီး
လုပ်ခဲ့ဆိုသကိုး။ ဒါတောင် သမိုင်းဆရာများက ဖေးဖေးမမ ရေးထားခဲ့ကြပုံ ရတယ်။
တကယ့်အဖြစ်က ဒါထက် နှစ် ၁၀ သုံးဆ ဆိုးသကွာလို့ ဖြစ်ပေလောက်မယ် ဆိုပြီး
ကျွန်တော်တစ်ယောက်တည်း တွေးကြည့်ပါတယ်။ အများကြီးပါ။
စည်းမဲ့ကမ်းမဲ့ အရက်တွေ ဝိုင်တွေ ဘီယာတွေဆိုလား လျှောက်သောက်လို့
အလုပ်ကြံခံရတဲ့ ဗသုန်ဗန်စက် (တပင်ရွှေထီး) တို့ (မူးနေမှတော့ ကိုယ့်လာ
လုပ်ကြံတောင် ဘာပြန်လုပ်နိုင်မှာတုန်း) ကိုယ်စည်းကိုယ့်ကမ်းနဲ့
ကိုယ့်ဘာသာကိုယ် တည်တည်တံ့တံ့ မနေဘဲ ဖီးလစ်ဒီဘရစ်တို ခေါ်တဲ့ ငဇင်ကာ
ကုလားနဲ့ သွားပလူးပလဲလုပ်တဲ့ နတ်သျှင်နောင်တို့။ ထားပါတော့ဗျာ။ ကျွန်တော်
ပြောချင်တာက စည်းကမ်းကိစ္စပါ။ ကားတို့၊ ဆိုင်ကယ်တို့ ထော်လာဂျီတို့ဆိုတာ
စက်ပစ္စည်းတွေခင်ဗျ။ တိုက်ရင် သေတတ်ပါတယ်။ တိုက်ရင် သေတတ်လို့ (မသေရင်လည်း
နာနေကြရင် အလုပ်ရှုပ်ကြရလွန်းလို့) နိုင်ငံတကာမှာ သူ့စည်းသူ့ကမ်း
ချထားကြရပါတယ်။ ဒါကို ကျွန်တော်တို့ လူမျိုးတွေ သူ့စည်းသူ့ကမ်းတွေကို
ဗျောင်မလေးစားကြဘူးခင်ဗျ။ အစိုးမရတဲ့ စက်ပစ္စည်းတွေကို အကျိုးနည်း
မောင်းတဲ့လူက လျှောက်ရမ်း မောင်းကြတယ်။ ရှောင်တဲ့လူကလည်း ခါးလေးကုန်းကာ
တင်လေးကော့ခါနဲ့ လက်တစ်လုံးခြား ရှောင်ကြတယ်။ တိုက်တော့ သေကြရော။ ဘယ်သူ
ဒုက္ခရောက်ကြသလဲ ဆိုတော့ တန်ဖိုးရှိတဲ့ ကိုယ့်လူမျိုးတွေပဲ ဒုက္ခ
ရောက်ကြပြန်တာခင်ဗျ။ နောင် ကိုယ့်ဘာသာကိုယ်ပဲ စည်းမဲ့ကမ်းမဲ့
အမှိုက်တွေပစ်၊ရေမြောင်းတွေ ပိတ်တော့ ပေါက်လာတဲ့ ခြင်ကျားတွေက
ကိုယ့်ကလေးတွေကို ကိုက်လို့ သွေးလွန်တုပ်ကွေး ဖြစ်ကြ။ ဟောဗျာ . .
.ပြောရင်းဆိုရင်း တွေးရင်းက လက်ထဲက အာလူးကြော်အိတ်ခွံ လမ်းပေါ်
ပစ်မိပြန်သဗျ။ကျွန်တော်လည်း တစ်ယောက် အပါအဝင်ပါ။ စည်းကမ်းဖောက်လို့
ပျောက်သွားတဲ့ ထီးနှစ်ချောင်းကို ကျွန်တော်ကိုယ်တိုင် ပြန်ရှာဖို့ အတော်
ကြိုးစားရဦးမှာပဲ။ အမိအဖ လူကြီးသူမတွေက ကြပ်မတ်ခဲ့ရဲ့သားနဲ့
စည်းမဲ့ကမ်းမဲ့ ကြီးလာတဲ့ ကျွန်တော့်လိုကောင်ကို ဘူဒိုဇာနဲ့သာ လှန်ပစ်ဖို့
ကောင်းလှပါကြောင်း။