လူသားအရင်းအမြစ်နှင့်
အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍများခွဲခြား၍
ကူညီဆောင်ရွက်ပေးသွားမည်ဟု ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့်
ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆိုက ဇန်န၀ါရီလ ၃ ရက်နေ့တွင် နေပြည်တော်၌
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း
သိရသည်။
ဂျပန်ဒုဝန်ကြီးချုပ်က တိုင်းရင်းသားရေးရာနှင့်
ပြည်သူ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်မှုဆိုင်ရာ နည်းစနစ်များ
ပိုမိုကောင်းမွန်စေရေးအတွက် ယင်းကဲ့သို့ အကူအညီများ ပေးအပ်သွားမည်ဟု
ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ နိုင်ငံတော်သမ္မတနှင့် ဒုဝန်ကြီးချုပ်တို့သည် စက်မှုကဏ္ဍ၊ ဥပဒေကဏ္ဍ၊
နိုင်ငံတော်အဆင့် စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု
တိုးမြှင့်ဆောင်ရွက်ရေး၊ အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကအချင်းချင်း
ပူးပေါင်းဆောင်ရွက်မှုကိုပါ အလေးထား ဆောင်ရွက်သွားရန်
ဆွေးနွေးခဲ့ကြောင်းလည်း သိရှိရသည်။
ဆွေးနွေးပွဲတွင် ကာကွယ်ရေး၊
နိုင်ငံခြားရေး၊ သမ္မတရုံး၊ ဘဏ္ဍာအခွန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု စသည့်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများလည်း
ပါဝင်ခဲ့ပြီး တိုင်းရင်းသား အဖွဲ့အစည်းများအတွက် လိုအပ်သော အကူအညီများ
ကူညီထောက်ပံ့ရေး၊ ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေး ကဏ္ဍများနှင့်
တက္ကသိုလ်၊ ဆေးရုံများ အဆင့်မြှင့်တင်ရေး၊ အသေးစားနှင့် အလတ်စား
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးများကိုပါ ဆွေးနွေးခဲ့ကြောင်း
သိရသည်။
ယင်းနေ့တွင်ပင် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်သည်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့်လည်း ဆက်လက်တွေ့ဆုံခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံရာတွင် ဂျပန်ဒုဝန်ကြီးချုပ်က တိုင်းရင်းသားဒေသများ
ကျန်းမာရေး မြှင့်တင်မှုနှင့် ဖွံ့ဖြိုးရေး အကူအညီများ
ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအား ဂျပန်နိုင်ငံရှိ ပြည်သူ၊
အစိုးရ၊ ပုဂ္ဂလိက၊ အာဏာရပါတီ၊ ဆန့်ကျင်ဘက်ပါတီများ အားလုံးက
သဘောတူထားပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရပြီး
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း မြန်မာ-ဂျပန် တပ်မတော်နှစ်ရပ် ဆက်ဆံရေး
တိုးမြှင့်ပြီး စစ်ရေးနှင့် မသက်ဆိုင်သော ကဏ္ဍများတွင်ပါ
ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း စသည်ဖြင့် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
Eleven
Eleven
SHARE THIS