7 February, 2013 -
တေးဆို ဘန်နီဖြိုး၏ “ချစ်တယ်ဟုတ်” ဗီစီဒီ ကာရာအိုကေတွင် ပါဝင်သော
သီချင်းများအား ၎င်းခွင့်ပြုချက် မရှိဘဲ တီဗီလိုင်းများ၌ ပြသနေခြင်းကို
တားမြစ်ပေးနိုင်ရန် မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ စာတင်ထားကြောင်း
သတင်းရရှိသည်။ “ကျွန်တော်နဲ့ အနုပညာရှင်တွေကို အသိအမှတ် ပြုစေချင်တယ်၊
မလွှင့်စေချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ ဗီစီဒီကို အကုန်အကျခံပြီး
ရိုက်တယ်။ ယူသုံးမယ်ဆို ကျွန်တော်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး
အသိပေးစေချင်တယ်။ အခကြေးငွေကို စိတ်မဝင်စားပါဘူး” ဟု ဘန်နီဖြိုးက ပြောသည်။
တီဗီချန်နယ် တစ်ခုတည်း မဟုတ်ဘဲ ဘန်နီဖြိုး၏ ဗီစီဒီကို ပြသနေသော
ပြည်တွင်းရှိ တီဗီချန်နယ် အားလုံးကို ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဘန်နီဖြိုးက “ချစ်တယ်ဟုတ်” ဗီစီဒီကို မူပိုင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး
ဒီဇင်ဘာ ၉ ရက်တွင် ဘိုဘို အင်တာတိန်းမန့်က ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။
တီဗီချန်နယ်များတွင် လွှင့်ခြင်းကို တားမြစ်ပေးရန် ဂီတအစည်းအရုံး အနေဖြင့်
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တေးရေးမြင့်မိုးအောင်က ပြောသည်။
By 7Day News