ကိုရီးယားနိုင်ငံသို့ အမျိုးသမီး အလုပ်သမား စေလွှတ်ရန် ညှိနှိုင်းလျက်ရှိပြီး သဘောတူညီမူ ရရှိပါက ထည့်သွင်းစေလွှတ် သွားဖွယ်ရှိ

Wednesday, 06 February 2013
ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် အမျိုးသမီး လုပ်သား စေလွှတ်ရန် နှစ်နိုင်ငံ ၀န်ကြီးဌာန ညှိနှိုင်းလျက်ရှိပြီး သဘောတူညီမှု ရရှိပါက ပဉ္စမအကြိမ် လုပ်သား စေလွှတ်ရာတွင် ထည့်သွင်းစာချုပ် ချုပ်ဆိုသွားရန် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောသည်။

“အလုပ်သမား ၀န်ကြီးဌာန အနေနဲ့ အမျိုးသမီး လုပ်သားတွေ ခေါ်ယူရာမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေ ရှိပါတယ်။ တစ်ကြိမ်ခေါ်ရင် နှစ်ယောက် တစ်ပြိုင်တည်း ခေါ်ရမယ်။ ဟိုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ငါးယောက်အထက် ရှိရမယ် စသဖြင့်ပေါ့။ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ် အမျိုးသမီး အလုပ်သမားတွေကို ခွင့်ပြုသွားမှာပါ” ဟု ၎င်းက ပြောသည်။

ထို့ပြင် အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်ကလည်း “အခု ကိုရီးယားက ခေါ်နေတဲ့ လုပ်ငန်းတွေက အသေးစား အလတ်စားတွေ ဖြစ်တဲ့အတွက် အလုပ်သမား ခေါ်ယူမူမှာ အရေအတွက် ကန့်သတ်ချက်တွေ ရှိပါတယ်။ မိန်းကလေး အလုပ်သမားတွေကို ပို့ဖို့ဆိုရင် သူတို့ကို အိမ်မှာ ခေါ်မခိုင်းပါဘူးဆိုတဲ့ ၀န်ခံကတိမျိုး စာချုပ်မှာ ပါမှဖြစ်မယ်။ ဒါမှမဟုတ်ရင် သူတို့အတွက လုံခြုံမှု မရှိနိုင်ဘူး” ဟု ပြောသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့တွင်သာ အမျိုးသမီး အလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုထားသည်။

လက်ရှိတွင် EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်နေသည့် အမျိုးသား အလုပ်သမား ၆၀၀၀ ခန့် ရှိနေသည်။

ပဉ္စမအကြိမ်မြောက် EPS စာမေးပွဲကို လာမည့် မေ ၁၈ ရက်တွင် စတင်ဖြေဆိုရမည် ဖြစ်ပြီး ဖြေဆိုလိုသူများ မတ်လလယ်တွင် စတင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
Credit to :Eleven Media Group


SHARE THIS