ပညာရေး ကဏ္ဍ၌ အယူဝါဒ လွှမ်းမိုးမှု မရှိစေရေးကို အားပေး ထောက်ခံ ခဲ့မှုကြောင့်
တာလီဘန် များ၏ ပစ်ခတ်မှုကို ခံခဲ့ရသည့် ပါကစ္စတန် မိန်းကလေးငယ် မာလာလာ
ယူဆက်ဖ် ဇာအီ၏ ဦးခေါင်းခွံမှ အပေါက် နေရာတွင် တိုင်တေနီယမ်ပြား တစ်ခု
ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဗြိတိသျှ ဆရာဝန် များက ပြောကြား ခဲ့သည်ဟု
သိရသည်။
အဆိုပါ တိုင်တေနီယမ်ပြား ထည့်သွင်းမည့် ခွဲစိတ် ကုသမှုကို လာမည့် ၁ဝ ရက်အတွင်း ပြုလုပ် သွားမည်ဟု သိရသည်။ မာလာလာသည် ဗြိတိန်နိုင်ငံ ဘာမင်ဟမ်မြို့ အတွင်းရှိ Queen Elizabeth ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သည်မှာ သုံးလ ကျော်ခဲ့ပြီ ဖြစ်သည်။ သူမ၏ အခြေ အနေမှာ တဖြည်းဖြည်း ကောင်းမွန် လာပြီ ဖြစ်သော်လည်း ဦးခေါင်းခွံတွင် အပေါက် ဖြစ်သွားခြင်းကြောင့် ဦးနှောက်ကို အကာအကွယ် ပေးနိုင်ရန် တိုင်တေနီယမ်ပြား ထည့်သွင်း ရမည် ဖြစ်ကြောင်း ခွဲစိတ် ဆရာဝန် များက ပြောကြားသည်။
တာလီဘန်များ ပစ်ခတ်ခဲ့သော ကျည်ဆန်သည် ဦးခေါင်းကို ဖောက်ထွက် သွားခြင်းကြောင့် ဦးခေါင်းခွံတွင် အပေါက် ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ သူမ၏ ဘယ်နားရွက်ကို ဖြတ်သွား ခဲ့ခြင်းကြောင့် သူမ နားမကြား ရတော့ ကြောင်း၊ ထို့ကြောင့် နားအတွင်း၌ နားကြား ကိရိယာကို တပ်ဆင် ပေးရမည် ဖြစ်ကြောင်းနှင့် နားကြား ကိရိ ယာကို ၁၈ လအတွင်း တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း ဆေးရုံအုပ် ဒေ့ဗ်ရိုဆာက ပြောကြားသည်။
မာလာလာသည် ပညာရေး ကဏ္ဍတွင် အယူဝါဒ လွှမ်းမိုးမှု မရှိစေရေးကို ထောက်ခံသူ တစ်ဦး ဖြစ်ပြီး ဆွတ် တောင်ကြား၌ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ လတွင် တာလီဘန် များ၏ ပစ်ခတ်မှုကို ခံခဲ့ရသူ ဖြစ်သည်။
Credit to :မြ၀တီ