Thursday, 07 February 2013
ပြည်သူများမှ ဆေးရုံ/ဆေးခန်းများတွင် ဆေးကုသမှု ခံယူရာ မိမိတို့ ကိုယ်ပိုင်ငွေ စိုက်ထုတ်မှု လျှော့ချရေး စီမံချက် ကျပ်သိန်း (၇၅၀) ဖြင့် မော်လမြိုင် ဆေးရုံကြီးတွင် ကုသမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မော်လမြိုင် ဆေးရုံအုပ်ကြီးက ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
"အစိုးရက ထောက်ပံ့တဲ့ တစ်နှစ်စာ ကျပ်သိန်း (၇၅၀) နဲ့ မော်လမြိုင် ဆေးရုံကြီးမှာ ဆေးဝါးကုသမှုကို ဒီဇင်ဘာလ ၂၇ ရက်နေ့က စပြီး ဆောင်ရွက်နေပါတယ်။ ထောက်ပံ့ငွေတွေကို ကော်မတီ (၂) ခု ဖွဲ့ပြီး ပုံမှန်အသုံးများတဲ့ အခြေခံ ဆေးဝါးများကို တင်ဒါစနစ်နဲ့ ၀ယ်ယူထိန်းသိမ်း သုံးစွဲနေပါတယ်။ ဒီစီမံချက်မှာ ပုံမှန်ပြင်ပလူနာ၊ အရေးပေါ် ထိခိုက်မှု၊ ပုံမှန်မွေးဖွားမှု၊ ခွဲစိတ်မှု အချို့တွေမှာ ဆေးဝါးအခမဲ့ ပံ့ပိုးကုသပေးနေပါတယ်။ ဂွမ်း၊ ပတ်တီး၊ အရက်ပျံ၊ သွေးအိတ်တွေကိုလည်း အခမဲ့ ထုတ်ပေးနေပါပြီ" ဟု ဆေးရုံအုပ်ကြီးက ဆက်လက်ပြောကြားပါသည်။
"အခုချိန်မှာ ဖျားနာရင် လစာရဲ့ တစ်ဝက်လောက်ကို ဆေးဖိုးဝါးခ သုံးစွဲနေရတော့ အစိုးရက အခုလို စပြီး ထောက်ပံ့တာ သိရတော့ ၀မ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ မော်လမြိုင်မှာ တောင်ပေါ်လမ်းလျှောက် စေတနာ အခမဲ့ ဆေးကုခန်း (၁) ခန်း၊ ဖြိုးစေတနာ အခမဲ့ ဆေးကုခန်း (၂) ခန်း၊ အင်န်အယ်ဒီ မိုဘိုင်းအခမဲ့ ဆေးကုခန်းတွေကလည်း ချို့တဲ့သူတွေအတွက် အားကိုးစရာ ဖြစ်ပါတယ်။ ဆေးရုံလောက်တော့ မပြည့်စုံဘူးပေါ့၊ တခြားနိုင်ငံတွေမှာလို ကျန်းမာရေး အာမခံစနစ် ဖြစ်ပေါ်လာရင် ပိုကောင်းလာမှာပါ" ဟု အငြိမ်းစား ကျန်းမာရေး ၀န်ထမ်းတစ်ဦးက ဆိုပါသည်။
မော်လမြိုင် ဆေးရုံကြီးသည် ကုတင်သုံးရာဆန့် ဆေးရုံဖြစ်ပြီး တစ်နှစ်လျှင် ပြင်ပလူနာ တစ်သောင်းခန့် တက်ရောက်ကုသမှု ရှိသည်ဟု သိရှိရသည်။
Credit to :Eleven Media Group
SHARE THIS
