ကျွန်တော်ဟာ ဆရာဝန်တစ်ယောက် ဖြစ်ပါသော်ငြားလည်း ကျွန်တော်ရေးသော
ဆောင်းပါးများဟာ ဆေးပညာ၊ ကျန်းမာရေးပညာ ဆောင်းပါးများ အလွန်
နည်းပါးလွန်းသဖြင့် မိတ်ဆွေတချို့က ကျန်းမာရေးပညာပေး ဆောင်းပါးရေးရန်
တိုက်တွန်းတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုရှိတယ်ဆိုပြီး အဆက်အစပ်မရှိ
မရေးလိုဘဲ အကြောင်းတိုက်ဆိုင်မှု ရှိလာမှပဲ ရေးလိုပါတယ်။ ဒီလိုနဲ့
နေလာခဲ့ရင်း အကြောင်းတိုက်ဆိုင်မှုများ ရံဖန်ရံခါဆိုသလို တွေ့လာရပါတယ်။ ပထမ
အကြောင်းတိုက်ဆိုင်မှုကတော့ လွန်ခဲ့တဲ့ (၁) နှစ်လောက်က ပါကစ္စတန်သမ္မတကြီး
အလီဇာဒါရီ ရုတ်တရက် နှလုံးဖောက်၍ ဆေးရုံတင်ရသော သတင်းကို ဖတ်ရပါတယ်။ ဒုတိယ
အကြောင်းတိုက်ဆိုင်မှုကတော့ လမ်းစဉ်ပါတီခေတ် ထိပ်တန်းအရာရှိကြီး
တစ်ဦးရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ထိုခေတ်က အခြားအရာရှိကြီး တစ်ဦးဟာ
မင်္ဂလာဒုံဂေါက်ကွင်းမှာ ဂေါက်ရိုက်ရင်း ရုတ်တရက် လဲကျသွားရာ
ဆေးရုံပို့တော့လည်း အသက်မမီတော့ဘူးလို့ ဆိုပါတယ်။ တတိယ
အကြောင်းတိုက်ဆိုင်မှု တစ်ခုကတော့ မကြာမီက ပြည်ထောင်စုဝန်ကြီးတစ်ဦး
နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဆရာဝန်က တစ်လအနားယူရန် အကြံပြုတယ်ဆိုတဲ့
သတင်းတစ်ပုဒ်ကို ဖတ်ရလို့ အကြောင်းတစ်ခု ထပ်မံပေါ်လာပါ၍ ထိပ်တန်းအဆင့်မြင့်
အရာရှိများ နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ရေးအကြောင်း ရေးသားလိုက်ပါတယ်။
ထိပ်တန်းအဆင့်မြင့် အရာရှိကြီးများလို့ ဆိုရာမှာ သမ္မတ၊ ဝန်ကြီးချုပ်များ သာမက ကမ္ပဏီ မန်နေဂျင်းဒါရိုက်တာ၊ CEO များလည်း ပါဝင်ပါတယ်။ ဤဆောင်းပါး၌ လမ်းစဉ်ပါတီခေတ် သဘာဝပတ်ဝန်းကျင်နဲ့ ယခုခေတ် သဘာဝပတ်ဝန်းကျင် အခြေအနေ မတူတော့၍ ယခုခေတ်၌ ပိုမိုအန္တရာယ်များပုံကို ထည့်သွင်းရေးသား လိုပါတယ်။ ထို့ပြင် ထိပ်တန်းအရာရှိကြီးများ နှလုံးသွေးကြောကျဉ်း ရောဂါကာကွယ်ရေး သာမက သာမန် လက်လုပ်လက်စားများ၌ နှလုံးသွေးကြောကျဉ်း ကာကွယ်ရေးကိုလည်း ထည့်သွင်း ရေးသားသွားပါမယ်။ ထို့ပြင် ကာကွယ်ရေးသာမက ရောဂါဖောက်လာရင် အရေးပေါ် ဆောင်ရွက်နည်းကိုလည်း ရေးသားသွားပါမယ်။ ထိပ်တန်း အရာရှိကြီးများနဲ့ သာမန် လက်လုပ်လက်စား ဆင်းရဲသားများ၏ ဘဝနေထိုင်မှု ပုံသဏ္ဌာန် (LIFE STYLE) ဟာ ကွာခြားမှု ရှိပါတယ်။ ဒါကြောင့် ၎င်းလူတန်းစား နှစ်ရပ်မှာ ရောဂါကာကွယ်ရေး ပုံဏ္ဌာန်ကလည်း အနည်းငယ် ကွဲပြားမှာဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းတယ်ဆိုတာ ဘာလဲ
နှလုံးသွေးကြော ကျဉ်းတယ်ဆိုတာ နှလုံးနံရံ ကြွက်သားထဲမှာရှိပြီး နှလုံးကြွက်သားကို ဆောက်ဆီဂျင် ထောက်ပံ့ပေးတဲ့ သွေးကြောလေးတွေ ရှိပါတယ်။ အဲဒီသွေးကြောတွေ ကျဉ်းသွားပြီး နှလုံးကြွက်သား အောက်ဆီဂျင် လုံလုံလောက်လောက် မရတော့ဘူးဆိုရင် နှလုံးသွေးကြော ကျဉ်းတယ်လို့ ခေါ်နိုင်ပါတယ်။
အစားအသောက်၊ စားသောက်ပုံသဏ္ဌာန်
ဆင်းရဲသားတွေကတော့ အဆီအဆိမ့်ရယ်လို့ မစားရရှာပါဘူး။ သို့သော်ငြားလည်း ယခုခေတ်မှာ ပဲဆီစစ်စစ်၊ နှမ်းဆီစစ်စစ်ရယ်လို့ မစားနိုင်ရှာကြပါ။ ဒီတော့ စားအုန်းဆီစစ်စစ် စားရရင် မကောင်းတော့ မကောင်းဘူး၊ ဒါပေမဲ့ နည်းနည်း တော်ပါသေးတယ်။ သို့သော် စားအုန်းဆီလောက်တောင် အဆင့်မရှိဘဲ ဘာမှန်းမသိတဲ့ မြောင်းထဲက ဆီမျိုးကို ဓာတုနည်းနဲ့ ကြည်လင်အောင်လုပ်ပြီး ဓာတုနည်းနဲ့ ပဲဆီနံ့ထည့်လိုက်တဲ့ မသမာသူတွေ ရှိတယ်ဆိုတာ သတင်းသန့်သန့် ကြားရတယ်။ ဒါမျိုးဆီက ဈေးချိုတော့ သာမန် လက်လုပ်လက်စားတွေ စားတဲ့အထဲ ရောက်နိုင်ပါတယ်။ ဒီတော့ နှလုံးသွေးကြော ကျဉ်းမယ်။ ဒီတော့ သာမန် လက်လုပ်လက်စားတွေကို အကြံပြုလိုတာကတော့ ဆီကို အတတ်နိုင်ဆုံး လျှော့စားပြီး အပြုတ်ဟင်းလျာ၊ ငါးပိရည်၊ တို့စရာတွေစားတာ ပိုကောင်းပါတယ်။ အဆင့်မြင့် အရာရှိကြီးတွေ ကြပြန်တော့ ပါကင်ပိတ်ပြီး ကိုလက်စထရော လုံးဝမပါတဲ့ နေကြာဆီမျိုးကို ကုန်တိုက်တွေမှာ ဝယ်စားနိုင်ပါတယ်။ ဒါပေမဲ့ ညစာစားပွဲတွေ၊ အစည်းအဝေးတွေ၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာလုပ်တဲ့ ဝပ်ရှော့ပ်တွေ၊ ဆီမီနာတွေမှာ ဘဲကင်တို့၊ ဝက်သားနဲ့ ဂျပန်ပဲပြားမှို အချိုချက်တို့ စားမိရင်သွေးထဲမှာ အဆီတွေ တက်ပြန်ပါတယ်။ သွေးတိုးရောဂါ အခံရှိသူတွေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိသူတွေဟာ တရုတ်စားပွဲဝိုင်း၊ ဘူဖေးညစာ စားတာတွေ ဖိတ်ကြားခြင်းခံရရင် တို့ကနန်း ဆိတ်ကနန်းနဲ့ အစားနည်းနည်းစား၊ အသီးအရွက် များများစား၊ ရေများများသောက်တာ ပိုကောင်းပါတယ်။
ယနေ့ လေထုအရည်အသွေး
ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ရတာကတော့ လေထဲမှာ အောက်ဆီဂျင်ဓာတ်ငွေ့က ငါးပုံတစ်ပုံ သို့မဟုတ် နှစ်ဆယ့်တစ် ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ သို့သော် ယနေ့တော့ သစ်တောတွေ ပြုန်းတီးတာရယ် မော်တော်ကား မီးခိုး စတာတွေကြောင့် လေထုထဲမှာ အောက်ဆီဂျင်က နည်းနေပါပြီ။ ဒီတော့ အသက်ရှူတဲ့အခါ အောက်ဆီဂျင် နည်းနည်းပဲ ရတယ်။ ဒီတော့ သွေးထဲမှာ အောက်ဆီဂျင် ပျော်ဝင်မှု နည်းတယ်။ အဲဒီကြားထဲက နှလုံးသွေးကြောကျဉ်းရင် နှလုံးက အောက်ဆီဂျင် မလုံလောက်တော့ပါ။ ထိုအခါ HEART ATTACK ခေါ် နှလုံးဖောက်ရန် အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့် လေကောင်းလေသန့်ရတဲ့ နေရာမျိုးမှာ အနည်းဆုံး တစ်နေ့တစ်ကြိမ်လောက် အသက်ရှူလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ငွေကြေးတတ်နိုင်သူတွေကတော့ လေထုညစ်ညမ်းမှုကို ကာကွယ်တဲ့အနေနဲ့ အဲကွန်း၊ လေသန့်စက် (လေစစ်စက်၊ AIR FILTER MACHINE) စတာတွေ သုံးသင့်ပါတယ်။ ငွေကြေး မတတ်နိုင်သူတွေကတော့ ဆေးလိပ်ဖြတ်ခြင်း၊ ဒီဇယ်မီးခိုးများတဲ့ နေရာတွေသွားရင် နှာခေါင်းကို လက်ကိုင်ပဝါနဲ့ အုပ်သွားခြင်း၊ လမ်းလျှောက်ရတဲ့အခါ ကားမီးခိုးများတဲ့ လမ်းမကြီးများထက် မီးခိုးနည်းတဲ့ လမ်းသွယ်များကို ရွေးချယ်ခြင်းတွေကို ပိုမိုလုပ်သင့်ပါတယ်။
စိတ်ဖိစီးမှု ပုံသဏ္ဌာန်၊ အလုပ်လုပ်မှု ပုံသဏ္ဌာန်နှင့် ကိုယ်လက်လှုပ်ရှားမှု သဏ္ဌာန်များ
စိတ်ဖိစီးမှုကြောင့်လည်း နှလုံးသွေးကြော ကျဉ်းပါတယ်။ စိတ်ဖိစီးမှု ဆိုတာကတော့ အရာရှိဖြစ်မှ၊ ဆင်းရဲသား ဖြစ်မှရယ်လို့ မဟုတ်ပါဘူး။ မရှိတောင့်တ၊ ရှိကြောင့်ကြဆိုသလို စိတ်ဖိစီးကြပါတယ်။ စိတ်ဖိစီးတဲ့အခါမှာ လမ်းလျှောက်ခြင်း ကိုယ်လက်လှုပ်ရှားမှုက ဦးနှောက်အတွင်းမှာ အယ်ဒေါ်ဖင်းဆိုတဲ့ ဟော်မုန်းတစ်မျိုး ထွက်ရှိစေပြီး စိတ်ဖိစီးမှု သက်သာစေတယ်လို့ ဆိုပါတယ်။ အဆင့်မြင့် အရာရှိကြီးတွေကတော့ ရုံးခန်းထဲမှာထိုင်ပြီး အလုပ်လုပ်တော့ ခေတ်သစ်ပုံသဏ္ဌာန်က အဲကွန်းထဲမှာ ကွန်ပျူတာရှေ့မှာထိုင်ပြီး လုပ်ရတော့ လှုပ်ရှားမှုနည်း၊ သွေးလှည့်ပတ်မှုနည်းပြီး စိတ်ဖိစီး၊ ဇာတ်ကြောတက်ပါတယ်။ လျှပ်စစ်နဲ့ နှိပ်တဲ့စက်တွေ ရောင်းတဲ့ဆိုင်မှာ ဝယ်လို့ရတဲ့ စက်တစ်မျိုးကတော့ ကွန်ပျူတာရိုက်နေသူတို့ ခြေဖဝါးအောက်မှာထားတဲ့ စက်လေးတစ်မျိုးမှာ အဲဒီစက်ကို လျှပ်စစ်နဲ့ လည်စေပြီး ဒလိမ့်တုံးလေးပေါ်မှာ ကတ္တီပါအုပ်ထားတယ်။ ကတ္တီပါပေါ်မှာ ခြေဖဝါးတင်ထားတော့ ခြေဖဝါးကို ဒလိမ့်တုံးနဲ့ လှိမ့်နေသလိုဖြစ်ပြီး သွေးလှည့်ပတ်မှု ကောင်းပြီး အညောင်းပြေတယ်။ သွေးဖိအားကို ကျဆင်းစေတယ်။ လက်လုပ်လက်စား ဆင်းရဲသားများကတော့ ကာယလုပ်အားနဲ့ အလုပ်လုပ်တာဖြစ်လို့ ပြဿနာနည်းပါတယ်။ TAXI ယာဉ်မောင်း၊ Bus ယာဉ်မောင်းတွေကတော့ ယာဉ်မောင်းကျောမှီမှာ သစ်သားလုံးလေးတွေ သီထားတဲ့ ကျောမှီမျိုး၊ ကြိမ်ကျောမှီမျိုးက သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။
အရေးပေါ်သူနာပြု (သို့မဟုတ်) ရှေးဦးစွာပြုစုခြင်း
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ပါကစ္စတန်သမ္မတကြီး အလီဇာဒါရီ နှလုံးရောဂါဖောက်လို့ အရှေ့အလယ်ပိုင်း ဆေးရုံကို အရေးပေါ်တင်ရပြီး ပြန်ကောင်းသွားတယ်။ မြန်မာနိုင်ငံမှာ လမ်းစဉ်ပါတီခေတ် ဝန်ကြီးအဆင့် ဆရာကြီးတစ်ဦး ပြန်ပြောင်းရေးသားတဲ့ ဆောင်းပါးအရ အဲဒီခေတ်က ထိပ်တန်းအရာရှိကြီး တစ်ဦးဟာ မင်္ဂလာဒုံဂေါက်ကွင်းမှာ ဂေါက်ရိုက်ရင်း နှလုံးရောဂါဖောက် လဲကျသွားတယ်။ ဂေါက်သီးရိုက်ဖော်တွေက ဆေးရုံကို ပို့သော်လည်း အသက် မကယ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ သမ္မတကြီး အလီဇာဒါရီ ကံကောင်းခဲ့ပြီး လမ်းစဉ်ပါတီခေတ် အရာရှိကြီးက ဆိုးခဲ့ပါတယ်။ အလီဇာဒါရီတို့ကဲ့သို့ အဆင့်အရာရှိကြီးတွေဟာ မိသားစုဆရာဝန်၊ အနီးကပ်ဆရာဝန် ရှိသင့်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ရှိကြောင်း အတည်ပြုခြင်း ခံရရင် မိမိရဲ့ အနီးမှာရှိတဲ့ ဆရာဝန်ရဲ့ ဆေးအိတ်ထဲမှာ မော်ဖီးယားထိုးဆေး ရှိသင့်ပြီး မိမိရဲ့ ကားထဲမှာ အောက်ဆီဂျင် ဘူးသေးတစ်ဘူး ဆောင်ထားသင့်ပါတယ်။ လမ်းစဉ်ပါတီ အရာရှိကြီး ဂေါက်ကွင်းထဲမှာ နှလုံးဖောက် လဲကျတုန်းက ဂေါက်ကွင်းထဲမှာတင် အောက်ဆီဂျင်ပေးပြီး မော်ဖီးယားထိုးခဲ့ရင် ဆေးရုံအရောက်မှာ အသက်မီမှာပါ။ မော်ဖီးယားဆိုတာကတော့ ဘိန်းပါ။ မော်ဖီးယား (၁၀) မီလီဂရမ် နှလုံးဖောက်တဲ့အခါ ချက်ချင်းထိုးရင် အလွန်အကျွံ ရင်ဘက်အောင့်တာ ချက်ချင်းသက်သာတယ်။ ပြီးတော့ ဘိန်းမူးလို့ STRESS ခေါ် စိတ်ဖိစီးမှု ချက်ချင်း သက်သာတယ်။ အသက်ကယ်နိုင်ပါတယ်။ လက်လုပ်လက်စား ဆင်းရဲသားတွေကတော့ နှလုံးသွေးကြောကျဉ်းရင် မိမိရဲ့ကားထဲမှာ အောက်ဆီဂျင်ဘူး ဆောင်ထားဖို့ မလွယ်သောကြောင့် နှလုံးဖောက်ရင် လျှာအောက်မှာ ငုံတဲ့ဆေးကို မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆောင်ထားသင့်ပါတယ်။ ယခုအခါမျိုးမှာ ပြောင်းလဲလာတဲ့ စားသောက်ပုံ၊ နေထိုင်မှု ဘဝဟန်တွေကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်လာတာကြောင့် မည်သူမဆို ကြိုတင်ကာကွယ်မှု သတိရှိသင့်တယ်ဟု ဆိုချင်ပါကြောင်း။
ဒေါက်တာထွန်းဝင်း