ရုရှားသမ္မတနှင့်အတူ ကိုယ်ခံပညာသင်တန်းဖွင့်ပွဲသို့ စတီဗင်ဆီးဂဲလ် တက်ရောက်

ရုရှားသမ္မတနှင့်အတူ ကိုယ်ခံပညာသင်တန်းဖွင့်ပွဲသို့ စတီဗင်ဆီးဂဲလ် တက်ရောက်
ဟောလီးဝုဒ် အက်ရှင်မင်းသား စတီဗင်ဆီးဂဲလ်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် ဖွင့်လှစ်သည့် ကိုယ်ခံပညာ သင်တန်းကျောင်း ဖွင့်ပွဲသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ခပ်ကြမ်းကြမ်း သရုပ်ဆောင်မှုများတွင် နာမည်ကြီးသည့် အတိုက်အခိုက် အသတ်အပုတ် ကျွမ်းကျင်သူ စတီဗင်သည် ဗုဒ္ဓဟူးနေ့က မော်စကိုသို့ ရောက်ရှိနေခဲ့ပြီး Sambo-70 သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

putin and seagal

ယင်းသင်တန်းတွင် လက်ဝှေ့၊ ဆူမိုနပမ်းနှင့် ရုရှားစတိုင် ကိုယ်ခံပညာဖြစ်သော ဆမ်ဘိုတို့ကို သင်ကြားပေးသွားမည် ဖြစ်သည်။ စတီဗင်နှင့် ပူတင်တို့သည် (၂၀၀၃)ခုနှစ် ကတည်းက အတန်ငယ် ကင်းကွာသော်လည်း မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ထိုစဉ်က ၎င်းတို့သည် မော်စကိုတွင် ပြုလုပ်သည့် နိုင်ငံတကာ ရုပ်ရှင်ပြပွဲသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လကလည်း ပူတင်က ရုရှားသို့ လာရောက်ပြီး တိုက်ခိုက်မှုစွမ်းရည်ပြ ပြိုင်ပွဲတစ်ရပ်တွင် ပါဝင်ခဲ့သည့် စတီဗင်အား ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ဖူးသည်။

အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်သော်လည်း အမေရိကန်၏ နိုင်ငံရေးပြိုင်ဘက် နိုင်ငံခေါင်းဆောင်များနှင့် အဆင်ပြေပြေ ဆက်ဆံရေးကြောင့် သတင်းစာ ခေါင်းကြီးပိုင်းများတွင် ယခုတစ်လော နေရာယူခဲ့သူမှာ စတီဗင် တစ်ဦးတည် မဟုတ်ချေ။ ဘက်စကက်ဘော အားကစားသမား ဘဝမှ Reality TVစတားတစ်ဦးအဖြစ် ပြောင်းလဲလာသည့် ဒင်းနစ်ရော့ဒ်မန်းသည်လည်း ဖေဖော်ဝါရီလက မြောက်ကိုရီးယားသို့ သွားရောက်ကာ အာဏာရှင် ကင်ဂျုံအန်းနှင့် ပြုံယမ်းတွင် တွေ့ဆုံခဲ့သည်။
Planet Myanmar Network



SHARE THIS
Previous Post
Next Post