ဆီးရီးယား စစ်တပ်မှ အဆင့်မြင့် အရာရှိကြီး တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်
မိုဟာမက် အစ်ဇ်အဲလ်ဒင်ခါ လော့ဖ် သည် ၎င်း၏သားဖြစ်သူ ဗိုလ်ကြီး အစ်ဇ်အဲလ် ဒင်ခါ
လော့ဖ်နှင့်အတူ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံ အတွင်းသို့ ဝင်ရောက် ခိုလှုံ
သွားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ် မိုဟာမက် အစ်ဇ်အဲလ်ဒင် ခါလော့ဖ်သည် ဆီးရီးယား အစိုးရ အဖွဲ့မှ စွန့်ခွာ၍ ဂျော်ဒန် အစိုးရထံသို့ ခိုလှုံ ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆီးရီးယား သမ္မတ အာဆတ်၏ လက်အောက်တွင် အမှုထမ်းနေသူ များမှာ ယခုအခါ စိတ်ဓာတ် ကျဆင်းလျက် ရှိသည်ဟု ရုပ်သံ အစီအစဉ်မှ တစ်ဆင့် ပြောကြား ခဲ့သည်။
ဗိုလ်ချုပ် ခါလော့ဖ်သည် အရပ်ဘက် ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းနှင့်အတူ ဂျော်ဒန်နိုင်ငံ အတွင်းသို့ ဝင်ရောက် ခိုလှုံခဲ့သော သားဖြစ်သူ ဗိုလ်ကြီး အစ်ဇ်အဲလ်ဒင်ခါ လော့ဖ်၏ ဘေးနားတွင် ထိုင်နေပုံကို ရုပ်သံပြ ကွက်တွင် ပြသခဲ့သည်။
သို့ရာတွင် ဆီးရီးယား အစိုးရအဖွဲ့သည် ခါလော့ဖ်၏ ဂျော်ဒန် နိုင်ငံ အတွင်းသို့ ဝင်ရောက်ခိုလှုံမှု အပေါ် မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးကြောင်း သိရ သည်။
ဆီးရီးယား စစ်တပ်၏ ထောက်လှမ်းရေး တပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်ချုပ် ခါလော့ဖ်သည် လွန်ခဲ့သည့် ခြောက်လခန့်က အတိုက်အခံ တပ်ဖွဲ့များနှင့် အဆက် အသွယ် ပြုလုပ်ခဲ့ကြောင်း၊ ၎င်းအား နိုင်ငံအတွင်းမှ ထွက်ခွာ နိုင်ရန် အကူအညီ ပေးသူ အတိုက်အခံ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြား ခဲ့သည်။
ဗိုလ်ချုပ် ခါလော့ဖ်သည် ဆီးရီးယား တပ်ဖွဲ့အတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် လောင်စာဆီများ ထောက်ပံ့မှုများကို ဆောင်ရွက် ပေးရသည့် စစ်ဦးစီးချုပ် တစ်ဦးဖြစ်သည်။
မြ၀တီ