ဂျပန်ဆူနာမီ လှိုင်းကြောင့် အပျက်အစီးများ မြောက်အမေရိက အထိ မျောပါနိုင်ဖွယ် ရှိ

၂ဝ၁၁ ခုနှစ်က ဆူနာမီလှိုင်းဒဏ် သင့်ခဲ့သော ဂျပန်နိုင်ငံမှ အပျက်အစီးများသည် ယခုနှစ် နှောင်းပိုင်းတွင် မြောက်အမေရိက အထိ မျောပါနိုင်ကြောင်း ယခု သီတင်းပတ် နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်ခုတွင် ဖော်ပြ ထားကြောင်း သိရသည်။
ဂျပန်နိုင်ငံမှ အပျက်အစီး အလေးချိန် ပေါင်း ၂၂၁ဝဝဝ တန်သည် အောက်တိုဘာ လတွင် မြောက် အမေရိက ကမ်းရိုးတန်း အထိ ရောက်ရှိနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဝန်ကြီးဌာနမှ သတင်း အချက် အလက်များ အရ သိရကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြခဲ့သည်။ ပြင်းအား ၉ ဒသမ သုည အဆင့်ရှိ ငလျင်ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းရိုးတန်း စီရင်စု နယ်များ ဖြစ်ကြသော အီဂါတီ၊ မီယာဂီနှင့် ဖူကူရှီးမား စီရင်စု နယ်များမှ အပျက်အစီး ၁ ဒသမ ၅ သန်းတန်သည် ရေစီး အတိုင်း မျောပါ သွားခဲ့ကြောင်း ဂျပန် အစိုးရက ခန့်မှန်း ထားသည်။

လူပေါင်း ၁၉ဝဝဝ သေဆုံးခဲ့သော အဆိုပါ ဆူနာမီ လှိုင်းကြောင့် အဆောက်အအုံ အပျက်အစီးများ၊ ကားများ၊ အိမ် အသုံးအဆောင် များနှင့် အခြား အပျက် အစီး တန် ၅ သန်းသည် ပင်လယ် အတွင်းသို့ မျောပါသွားခဲ့ ကြောင်း ခန့်မှန်းချက်အရ သိရသည်။

အပျက်အစီး တန်ချိန် ၃ သန်းခွဲသည် ပင်လယ်အောက် အတွင်း ချက်ချင်း နစ်မြုပ်သွားခဲ့ပြီး ပလတ်စတစ်၊ သစ်သား၊ သင်္ဘော ပစ္စည်းများ၊ သံတိုသံစများနှင့် မရေတွက်နိုင်သော အခြား ပစ္စည်းများ သည်လည်း သမုဒ္ဒရာ အတွင်းပိုင်းသို့ မျောပါ သွားခဲ့သည်။

အဆိုပါ အပျက်အစီး များကြောင့် ပစိဖိတ် သမုဒ္ဒရာအတွင်း ညစ်ညမ်းမှု ပြဿနာကို စိုးရိမ်ရကြောင်း ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူ များက ပြောကြား ခဲ့သည်။

မြ၀တီ

http://bit.ly/Yj632q

SHARE THIS