ဧပြီလအတွင်း မြန်မာ ဒိုင်လူကြီးများ ပြည်ပ ပြိုင်ပွဲများတွင် တာဝန် ထမ်းဆောင်မည်

မတ် ၁၈ ရက်၊ ၂၀၁၃

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဒိုင်လူကြီး များသည် ဧပြီလ အတွင်း၌ ကျင်းပ ပြုလုပ်မည့် AFC Cup အုပ်စု ပွဲစဉ်များ၊ AFC Challenge Cup ခြေစစ် ပွဲစဉ်များနှင့် AFC Champion's League ပြိုင်ပွဲများသို့ သွားရောက်၍ အသီးသီး တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်သည် ဒိုင်ကြီးကြပ် အဖြစ် ဧပြီလ (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် မြောင်တောင် အသင်းနှင့် တရုတ်ကလပ် ဂေါင်ဇူး အသင်းတို့၏ AFC Champion's League ပွဲစဉ် နှင့် ဧပြီလ (၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ ကျင်းပမည့် ဘေဂျင်းဂွမ် အသင်းနှင့် ကိုရီးယား နာမည်ကြီး ကလပ် ပိုဟန်စတီးလား အသင်းတို့၏ AFC Champion's League ပွဲစဉ်များတွင် တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကွင်းလယ် ဒိုင်လူကြီး ဦးတင်ထွဋ်မှ ဧပြီလ (၂၃)ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ် မည့် AFC Champion's League ပြိုင်ပွဲမှ ဂျပန်ကလပ် ကာရှီဝါရေးဆိုး အသင်းနှင့် တရုတ်ကလပ် ရန်ဟီ အသင်းတို့၏ ပွဲစဉ်တွင် မှတ်တမ်းဒိုင် အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် ကွင်းလယ် ဒိုင်လူကြီး ဦးဝင်းချို၊ အကူ ဒိုင်လူကြီး ဦးအောင်မိုးနှင့် ဦးဟန်သိန်း၊ မှတ်တမ်း ဒိုင်လူကြီး ဦးတင်ထွဋ် တို့မှာ ဧပြီလ(၂)ရက်နေ့တွင် ဟောင်ကောင်၌ ကျင်းပပြုလုပ်မည့် AFC Cup ပြိုင်ပွဲတွင် ဟောင်ကောင်ကလပ် ကစ်ချီ အသင်းနှင့် အိန္ဒိယကလပ် ဆီမန်ပဒန် အသင်းတို့၏ ပွဲစဉ်အပြင် ဧပြီလ (၁၀)ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် AFC Cup ပြိုင်ပွဲမှ စင်္ကာပူ တပ်မတော် အသင်းနှင့် အိန္ဒိယ ကလပ် ချာချီလ် ဘရားသား တို့၏ ပွဲစဉ်များတွင် သွားရောက် တာဝန်ထမ်းဆောင် သွားမည်ဖြစ်သည်။

Myanmar Football

SHARE THIS