ပျက်စီးယိုယွင်းနေသော ကျေးရွာချင်းဆက် လမ်းအပိုင်းအား ပြုပြင်ပေးစေလို

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးမြို့မှ ၂၄ မိုင် ကွာဝေးသော မန်ဆန်ရေကျ ကျေးရွာ အုပ်စုသည် လားရှိုး - မန္တလေး အဝေးပြေးလမ်း ရှိ နောင်မွန်ကျေးရွာ အုပ်စု၏ အနောက်ဘက်တွင် တည်ရှိပြီး တောတောင် ရေမြေ သဘာဝ စိမ့်စမ်းများ နှင့် အလှအပ ရှုခင်းများ ပြည့်စုံပြီး ရေအားလျှပ်စစ် စက်ရုံများ ၊ အခြေခံ ပညာကျောင်း နှင့် ကျေးလက် ဆေးပေးခန်း ၊ မန္တလေး - လားရှိုး ရထားဘူတာ ဆိုက်ရာ ကျေးရွာ အုပ်စုကြီး ဖြစ်သည့် အတွက် ၅ ရက် တစ်ပတ်ဈေး ရောင်းချကာ စီးပွားရေး လုပ်ကိုင်မှု အဆင်ပြေသော ကျေးရွာ အုပ်စု ဖြစ်သည်။ နမ့်မျှော်ချောင်း ခြားကာ မန်ဆန် ကျေးရွာသည် သီပေါမြို့နယ် လားရှိုးမြို့နယ်ဟု ၂ ပိုင်း ဖြစ်နေသော်လည်း မန်ဆန် ကျေးရွာ အုပ်စုရှိ တိုင်းရင်းသား ညီအစ်ကိုများ ဆက်သွယ် သွားလာရာတွင် ကားလမ်း တစ်ခုတည်း သာဖြစ်သည်။ ကျေးရွာချင်းဆက် လမ်းသည် နောင်မွန် ကျေးရွာမှ မန်ဆန် ကျေးရွာအထိ ၁၁ မိုင် ၄ ဖာလုံ ၊ မန်ဆန် ကျေးရွာမှ ကုန်းညောင် ရေအား လျှပ်စစ် စက်ရုံထိ ၇ မိုင် ၄ ဖာလုံ ရှိသည့်အတွက် နောင်မွန်မှ ကုန်းညောင်အထိ ဖောက်လုပ် ထားသော အရှည် ၁၉ မိုင်ရှိ ကားလမ်းအပိုင်း သည် ယခုအခါ ပျက်စီး ယိုယွင်း နေသဖြင့် ထိုလမ်းအား မှီခို အသုံးပြု နေကြရသော ၀န်ထမ်းများ ၊ ကျေးရွာနေ ဒေသခံ ပြည်သူများ သွားလာ ရာတွင် ခရီးကြန့်ကြာမှု ရှိခြင်း ၊ တောတောင် လျှိုမြောင် များကို ဖြတ်သန်း ဖောက်လုပ် ထားရသည့် အတွက် မိုးကာလ၌ တောင်ကျရေများ ဖြတ်သန်း စီးဆင်းမှု ရှိခြင်း ၊ လမ်းသား ရေတိုက်စား ပျက်စီးခြင်း ၊ နွားလှည်းများ ဖြတ်သန်း မောင်းနှင် ခြင်းကြောင်း ကတ္တရာလမ်း ပျက်စီး ယိုယွင်းမှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ လမ်းကြောရှိ နောင်မွန် ကျေးရွာအုပ်စု ၊ နားမခေါ် ကျေးရွာ အုပ်စု ၊ မန်ဆန်ရေကျ ကျေးရွာ အုပ်စု တို့မှ ဒေသခံ ညီအစ်ကိုများ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး လုပ်ငန်း ကိစ္စ အရပ်ရပ် တို့အတွက် မရှိမဖြစ် လိုအပ်သော ကျေးရွာချင်းဆက် လမ်းဖြစ်သည့် အတွက် ပြုပြင်ပေးရန် လိုအပ်ကြောင်း မန်ဆန်ရေကျ အုပ်စုအတွင်း ၌ မန်ဆန် ရေအား လျှပ်စစ်စက်ရုံ တစ်ခု ၊ ကုန်းညောင် ရေအား လျှပ်စစ် စက်ရုံ အမှတ် (၁) နှင့် အမှတ် (၂) စုစုပေါင်း ရေအား လျှပ်စစ် စက်ရုံ ၃ ခု ၊ အမှတ် (၉၁၂) စစ်မြေပြင် အင်ဂျင်နီယာ တပ်ဆွယ် ၊ တွဲဘက် အခြေခံ အထက်တန်းကျောင်း တစ်ကျောင်း နှင့် ကျေးလက် ဆေးပေးခန်း တို့ ရှိသည့် အတွက် အဆိုပါ ဌာနများတွင် တာဝန် ထမ်းဆောင် နေကြသော ၀န်ထမ်းများ လုပ်ငန်းသုံး မော်တော်ယာဉ် နှင့် ဆိုင်ကယ်များ ဆက်သွယ်မှု အတွက် အဆိုပါ လမ်း တစ်လမ်း တည်းသာ အသုံးပြု နေရကြောင်း ၊ သို့ဖြစ်ပါ၍ ကျေးလက်နေ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး ၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် စေရန် နောင်မွန် ကျေးရွာ အုပ်စု ၊ မန်ဆန်ရေကျ ကျေးရွာ အုပ်စု နှင့် ကုန်းညောင် ရေအား လျှပ်စစ် စက်ရုံသို့ ဖောက်လုပ် ထားသော ကျေးရွာ ချင်းဆက် လမ်းတွင် ပျက်စီး ယိုယွင်း နေသော လမ်းအပိုင်းအား သက်ဆိုင်ရာမှ ပြုပြင် ပေးနိုင်ပါရန် နှင့် လမ်းရေရှည် တည်တံ့ ခိုင်မြဲ စေရန် ဆောင်ရွက် နိုင်ရေး အတွက် ကျေးလက်နေ ဒေသခံ ပြည်သူလူထု မှ ဆန္ဒရှိသည့် အတွက် ရေးသား တင်ပြ လိုက်ရခြင်း ဖြစ်ပါသည်။


SHARE THIS