ကိုရီးယား ကျွန်းဆွယ်တွင် စစ်ဘက်ဆိုင်ရာ
တင်းမာမှုများ မြင့်တက်နေသည့် ကြားမှပင် တောင်ကိုရီးယား ကျွန်းငယ်လေး
တစ်ခုအား ချေမှုန်း တိုက်ဖျက်ရန် အသေးစိတ် ရေးဆွဲထားသည့် ခြိမ်းခြောက်မှု
စာတစ်စောင် ကို မတ် ၁၂ ရက်တွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က
ထုတ်ပြန် ခဲ့သည်ဟု သိရ သည်။
ကင်ဂျုံအွန်သည် မတ် ၁၁ ရက်က နယ်စပ်
အမြောက်တပ်ဖွဲ့များ ထံသို့ သွားရောက်ခဲ့ရာ၌ နှစ်နိုင်ငံ ပဋိပက္ခ များတွင်
အဓိက ပစ်မှတ်တစ်ခု အနေဖြင့် အငြင်း ပွားမှု ဖြစ်ပွားနေသည့် ရေကြောင်း
ပိုင်နက်၏ တောင်ကိုရီးယား ဘက်ခြမ်းတွင် ရှိသော Baengnyeong ကျွန်းကို
ပစ်မှတ်ထားရန် ရွေးထုတ်ခဲ့သည်။
ကင်ဂျုံအွန်၏ နယ်စပ် အမြောက်တပ်ဖွဲ့များ
ထံသို့ သွားရောက်ခြင်းသည် မကျူးကျော်ရေး စာချုပ်ကို ဖျက်သိမ်းရန်
မြောက်ကိုရီးယားကို လှုံ့ဆော်ပေးသော အမေရိကန်- တောင်ကိုရီးယား ပူးတွဲ
စစ်ရေး လေ့ကျင့်မှုကြီး စတင်ခဲ့သည့် အချိန်နှင့် တစ်ချိန်တည်း ဖြစ်ကြောင်း
သိရသည်။
အမေရိကန်- တောင်ကိုရီးယား ပူးတွဲ
စစ်ရေးလေ့ကျင့်မှု ကြီးကြောင့် နှစ်နိုင်ငံ အကြား သဘော တူညီခဲ့သည့်
မကျူးကျော်ရေး စာချုပ်နှင့် နှစ် ၆ဝ ကြာအောင် ရပ်ဆိုင်းထားခဲ့သည့်
စစ်ပြေငြိမ်းရေး စာချုပ်ကို မိမိတို့ဘက်မှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း မတ်
၁၁ ရက်တွင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်။
ထို့အပြင် မြောက်ကိုရီးယား နိုင်ငံသည်
၎င်းတို့၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏
ပိတ်ဆို့မှုများ အတွက် လက်တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယားနှင့်
အမေရိကန် ပြည်ထောင်စုတို့ အပေါ် နျူကလီးယား လက်နက်များဖြင့်
တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားဘက်ခြမ်းတွင် ရှိနေသော Baengnyeong ကျွန်းဆွယ်ကို တိုက်ခိုက်
ချေမှုန်းမည့် အသေးစိတ် အချက်အလက်များကို မတ် ၁၂ ရက်တွင် အမြောက်တပ်
အရာရှိများအား ကင်ဂျုံအွန်က ပြောကြား ခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း၌
ရန်သူ့ နယ်မြေများ၏ အခြေ အနေကို ဓာတ်ပုံ ရိုက်ကူး၍ ဓာတ်ပုံများကို
ဌာနချုပ်သို့ ပေးပို့ပေးရန် အတွက်လည်း တပ်မှူးအား အမိန့်ပေး ခဲ့ကြောင်း
KCNA သတင်းဌာနမှ ဖော်ပြ သည်။ Baengnyeong ကျွန်းပေါ်ရှိ အဓိက ပစ်မှတ်များမှာ
ရေဒါစခန်းများ၊ ဟာပွန်သင်္ဘောဖျက် ဒုံးကျည်စင်များ၊
၁၃ဝ မီလီမီတာ ဘက်စုံသုံး ဒုံးကျည် စခန်းများနှင့် ၁၅ဝ မီလီမီတာ ဟောင်ဝစ်ဇာ
အမြောက်စခန်းတို့ ဖြစ်ကြောင်း ကင်ဂျုံအွန်က ပြောကြားခဲ့သည်။