"တိုင်းပြည် ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ ကစားသမား တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုကြေးငွေ ချီးမြှင့်ကြတာပါ။ ဒီနေ့ ကွင်းထဲကို လာရောက် အားပေးကြတဲ့ ပရိသတ်ကြီး ကိုရော ရုပ်မြင်သံကြား ကနေ အားပေး နေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကိုရော အရမ်းပဲ ကျေးဇူးတင် မိပါတယ်။ ဒါ့အပြင် ဒီလက်ရွေးစင် အသင်းအတွက် ကစားသမားတွေ မွေးထုတ် ပေးနေတဲ့ MNL ကလပ်အသင်း ပိုင်ရှင် အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီနေ့နိုင်ပွဲဟာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခု ဖြစ်ပြီး အဲဒီအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပွဲအပြီးတွင် ဂုဏ်ပြု ပြောကြား သွားခဲ့သည်။
မြန်မာ့ လက်ရွေးစင် အသင်းသည် အုပ်စု(က)တွင် ဂူအမ်ကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိပြီး တရုတ် (တိုင်ပေ)နှင့် တစ်ဂိုးစီ သရေကျကာ နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယကို အကြိတ်အနယ် ကစားရင်း (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မော်လ်ဒိုက်စ်တွင် ကျင်းပမည့် ဖိုင်နယ်ပွဲ စဉ်များသို့ တက်ရောက် ကစားခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ချဲလင့်ဖလား ခြေစစ်ပွဲ အုပ်စု(၅)ခု ရှိသည့်အနက် အုပ်စု(က)တွင် မြန်မာ၊ အုပ်စု(ဂ)တွင် အာဖဂန် နစ္စတန်နှင့် အုပ်စု(ဃ)တွင် ပါလက်စတိုင်း အသင်းများ ခြေစစ်ပွဲ အောင်မြင် သွားကြပြီး ကျန်အုပ်စု(ခ)နှင့် (င)တို့မှာ မတ်လ တတိယ အပတ်မှသာ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည။