FRIDAY, APRIL 26, 2013
ဆေးရုံအဆောက်အအုံသည် လိုအပ်ချက်အရ လုံလုံခြုံခြုံ ဆောက်လုပ်ထားပြီး တစ်ထပ် အဆောက်အအုံအတွင်း မီးလောင်မှု ဖြစ်ပွားချိန်က ဝန်ထမ်း(၃)ဦး အပါအဝင် လူ(၄၁)ယောက် ရှိနေကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် စိတ်ရောဂါကု ဆေးရုံတစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ လူပေါင်း (၃၈)ဦးမျှ သေဆုံးဖွယ် ရှိနေကြောင်း သိရှိရသည်။ ရုရှားနိုင်ငံ၊ အရေးပေါ် အခြေအနေ စီမံရေး ဝန်ကြီးဌာနက မော်စကိုမြို့တော် ပြင်ပရှိ စိတ်ရောဂါကု ဆေးရုံတစ်ခုတွင် ဆိုးဆိုးရွားရွား ပြင်းထန်သော မီးလောင်ကျွမ်းမှုကြောင့် အများအပြား အသေအပျောက် ရှိခဲ့သော သတင်းကို အတည်ပြု ဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံသည် လိုအပ်ချက်အရ လုံလုံခြုံခြုံ ဆောက်လုပ်ထားပြီး တစ်ထပ် အဆောက်အအုံအတွင်း မီးလောင်မှု ဖြစ်ပွားချိန်က ဝန်ထမ်း(၃)ဦး အပါအဝင် လူ(၄၁)ယောက် ရှိနေကြောင်း သိရသည်။
မီးစတင် လောင်ကျွမ်းချိန်တွင် အတွင်းမှ (၃)ဦးသာ လွတ်မြောက်ထွက်ပြေး လာနိုင်ခဲ့ကြောင်း သတင်းများက ဆိုသည်။ မီးလောင်ကျွမ်းမှု အပြီးတွင် အလောင်း (၁၂)လောင်းကိုသာ ပြန်လည် ရယူထားနိုင်သေးကြောင်း ကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။ မီးသည် သောကြာနေ့နံနက် အစောပိုင်း (၃)နာရီတွင် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ RIA Novosti သတင်းဌာနက ကနဦး စုံစမ်းမှု ရလဒ်များအရ ဝါယာရှော့မှ စတင်သည့်မီး ဖြစ်နိုင်ကြောင်း အမည်မဖော်ပြသည့် ရဲဝန်ထမ်း တစ်ဦး၏ အဆိုကို ကိုးကား ရေးသားခဲ့သည်။
ဆေးရုံတွင် ရှိနေသူ (၄၁)ဦးအနက် အသက်အကြီးဆုံးသူမှာ (၁၉၃၇)ခုနှစ်ဖွား ဖြစ်ပြီး ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း၊ အသက်အငယ်ဆုံးသူမှာ (၁၉၉၃)ခုနှစ်တွင် မွေးဖွားသူ ဖြစ်ကြောင်း ရဲများက ဆိုသည်။ (၂၀၁၂)ခုနှစ်အတွင်း ရုရှားနိုင်ငံ တစ်ဝှမ်းတွင် မီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း (၁၁၆၃၅)ဦး အသက်ဆုံးရှုံးခဲ့ကြောင်းလည်း သိရှိရသည်။
Planet.com.mm