ကုဋေကြွယ်သူဌေး Clive Palmer ပါတီသစ်ထောင်မယ်

FRIDAY, APRIL 26, 2013

သြစတြေးလျနိုင်ငံက ကုဋေကြွယ်သူဌေးကြီး Clive Palmer က လာမဲ့စက်တင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ တည်ထောင်မယ်လို့ ပြောလိုက်ပါတယ်။

သြစတြေးလျနိုင်ငံသားတွေ ညီညွတ်မှု လိုအပ်နေတဲ့အတွက် အားလုံးကို ညီညွတ်စေဖို့ ညီညွှတ်သောသြစတြေးလျပါတီသစ်ကို တည်ထောင်ပြီး ရွေးကောက်ပွဲမှာ ဝင် ပြိုင် မယ် လို့ အေ ဘီ စီ ကို ပြော သွား ခဲ့ ပါ တယ်။

ခုလောလောဆယ် အစိုးရပါတီရော၊ အဓိက အတိုက်အခံပါတီကပါ အသံတစ်သံတည်း ထွက်နေပြီး ပါတီအပေါ် လွှမ်းမိုးမှုရှိနိုင်တဲ့ လူတွေ၊ အဖွဲ့အစည်းတွေကိုပဲ ဦးစားပေးနေတဲ့အတွက် သူ့ပါတီက ပြည်သူတွေလိုလားချက်ကို ဦးစားပေးမယ့် ပါတီအဖြစ် ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောလိုက်ပါတယ်။

အဲဒီပါတီနာမည်ဟာ ၁၉၃၀ ပြည့်နှစ်တွေ ကတည်းက ရှိခဲ့တဲ့ နာမည်ဖြစ်ပြီး အဲဒီပါတီကနေ ဝန်ကြီးချုပ် သုံးဦးတောင် ဖြစ်လာတဲ့အတွက် ဒီပါတီကို ပြန်လည်အသက်သွင်းတဲ့အနေနဲ့ မှတ်ပုံတင်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ပါတီရဲ့ ပေါ်လစီတွေထဲမှာ နိုင်ငံရေးကစားသူတွေကို ပါတီ ဝင်ခွင့်မပေးဖို့၊ ညစ်ညမ်းကာဗွန်ဓာတ်ငွေ့ ထုတ်တဲ့အပေါ်အခွန် ကောက်ခံတဲ့ စနစ်ကို ဖျက်သိမ်းဖို့နဲ့ ခိုလှုံခွင့်တောင်းလိုသူတွေ လှေတွေနဲ့ ခိုးဝင်မယ့်အစား လေယာဉ်တွေနဲ့ လာနိုင်အောင် စီစဉ်ပေးတာတွေ ပါဝင်တယ်လို့ ပြောပြခဲ့ပါတယ်။

Clive Palmer ဟာ သတ္တုကုမ္ပဏီပိုင်ရှင် သူဌေးကြီးဖြစ်ပြီး ပိုင်ဆိုင်မှုက ဒေါ်လာ သန်းပေါင်း ၈၀၀ နီးပါးရှိမယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။

အဲ့ဒါ့အပြင် ဇိမ်ခံအပန်းဖြေစခန်း တွေလည်းပိုင်ဆိုင်ပြီး Titanic သင်္ဘောနဲ့ ပုံစံတူတဲ့ သင်္ဘောကြီးကို တည်ဆောက်နေပြီး ၂၀၁၆ ခုနှစ်မှာ စတင်ပြေးဆွဲမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

ABC Radio Australia

SHARE THIS