၅-၆-၂၀၁၃
ထိုင်းနိုင်ငံတွင် လွန်ခဲ့သော လများ အတွင်းက ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သော ဘင်္ဂါလီ ဒုက္ခသည် ၂၀၀၀ ခန့်အား လက်ခံ လိုသည့် တတိယနိုင်ငံ တစ်နိုင်ငံမျှ မရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Manasvi Srisodapol က ဇွန်လ ၄ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။
အဆိုပါ ဘင်္ဂါလီ ဒုက္ခသည် များအား လက်ခံရန် မည်သည့် နိုင်ငံကမျှ အသင့် မရှိကြောင်း နှင့် ၄င်းတို့အား လက်ခံမည် ဆိုပါက ထောင်ပေါင်း များစွာသော ဒုက္ခသည်များ ဆက်လက် ၀င်ရောက် လာမည်ကို စိုးရိမ် ပူပန်လျက် ရှိကြကြောင်း Manasvi Srisodapol က ဆက်လက် ပြောကြား ခဲ့သည်။ အဆိုပါ ဘင်္ဂါလီ ဒုက္ခသည် များအား ထိုင်းနိုင်ငံရှိ ယာယီ ထိန်းသိမ်းရေး စခန်းများတွင် လွန်ခဲ့သော လပေါင်း များစွာ ကတည်းက ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ကြောင်း ၊ အစိုးရ အနေဖြင့် အဆိုပါ ထိန်းသိမ်းရေး စခန်းများရှိ ဒုက္ခသည် များ၏ ကျပ်တည်းသော အခြေအနေ ကို နားလည် သိရှိကြောင်း နှင့် လက်ရှိ အချိန်တွင် ထိုင်းအစိုးရ အေဂျင်စီ များသည် ၄င်းတို့၏ အခြေအနေ တိုးတက် ကောင်းမွန် စေရေး နည်းလမ်းများ နှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိကြောင်း Manasvi Srisodapol က ပြောကြား ခဲ့သည်။
ထိုင်းအစိုးရ အနေဖြင့် ၄င်းတို့အား လက်ခံမည့် အခြား နိုင်ငံများအား ရှာဖွေရန် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိစဉ် အဆိုပါ ဘင်္ဂါလီ ဒုက္ခသည် များအား ၆ လကြာ နေထိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။
The Myawady Daily