သြစတြေးလျနိုင်ငံမှာ အင်တာနက်ပေါ်ကတဆင့် လိမ်လည်မှုတွေကြောင့် ဒေါ်လာ ၉၃
သန်းလောက် နစ်နာ ဆုံးရှုံးမှု ဖြစ်နေရတယ်လို့ စောင့်ကြည့်လေ့လာတဲ့ A Triple C
အဖွဲ့က ပြောလိုက်ပါတယ်။
ဒီနှစ်အတွင်း အင်တာနက် အွန်လိုင်းပေါ်ကနေ လိမ်လည်ခံရကြောင်း တိုင်ကြားလာတဲ့ အမှုပေါင်း ၈၄၀၀၀ ကို A Triple C အဖွဲ့က လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
လိမ်လည်ခံရမှုတွေ ဒိထက်မက များပြားနိုင်ပေမယ့် လိမ်လည်ခံရသူတွေဟာ သူတို့ လိမ်လည်ခံရကြောင်း ပြောပြရမှာကို ရှက်ပြီး သိုဝှက်ထားတာ ရှိတယ်လို့လည်း သိရပါတယ်။
သူစိမ်းတစ်ယောက်ယောက်က ကိုယ့်ဆီကို ဆက် သွယ် လာ ပြီး ငွေတွေထုတ်ယူဖို့ ပြောဆိုလာတဲ့အပေါ် တချို့က ယုံကြည်ကြပြီး အဲဒီလို နည်းတွေနဲ့ အလိမ်ခံရမှုတွေ များပြားကြောင်းလည်း ပြောပါတယ်။
ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ အဒေါ်တစ်ဦး ကွယ်လွန်သွားတဲ့အတွက် အဒေါ်က ချန်ပေးတဲ့ အမွေတွေကို ထုတ်ယူဖို့ အကြောင်းကြားတဲ့စာကို တချို့က ယုံကြည်ပြီး ဆက်သွယ်ကြည့်တဲ့အခါ ဒီအမွေကို ထုတ်ယူနိုင်ဖို့ အရင်ဆုံးငွေ အနည်းငယ်ပေးရမယ်လို့ ပြောတာကို ငွေတွေ ထည့်ပေးမိကြတဲ့အကြောင်း ဒီလို လိမ်ညာမှုတွေကို ယုံကြည်ကြတဲ့အတွက် ငွေတွေ နစ်နာဆုံးရှုံးမှုတွေ အများဆုံး ဖြစ်နေရတယ်လို့လည်း ပြောပါတယ်။
အများအားဖြင့် ဒေါ်လာ ၁၀၀ ကနေ ၅၀၀ ကြား လိမ်လည်ခံနေရတာလို့လည်း သိရပါတယ်။
သြစတြေးလျနိုင်ငံမှာ ပြည်ပနိုင်ငံဆီက ကုန်ပစ္စည်းတွေကို အင်တာနက်အွန်လိုင်းကနေတဆင့် ဝယ်ယူအားပေးမှုတွေ ပိုများလာပြီး တခါတရံ လိမ်ညာခံရကြပြီး ဒီနှစ်မှာတော့ အင်တာနက် အွန်လိုင်းကတဆင့် ဈေးတွေ ဝယ်ယူပြီး လိမ်ညာခံရမှုဟာ ၆၅% တိုးလာတယ်လို့ ပြောပါတယ်။
Myanmar News Update