Monday, June 17, 2013
အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် ဓမ္မာရုံ လမ်းသွယ်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေငါးလုံးခန့် လောင်ကျွမ်းခဲ့ပြီး အသက် ၉၆ နှစ်အရွယ် အဘွားအိုတစ်ဦး ဆေးရုံတင်ခဲ့ရကြောင်း အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့မှူးရုံးမှ သိရသည်။
မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည် နေအိမ်အတွင်းရှိ အင်ဗာတာပေါ်တွင် တင်ထားသည့် စာအုပ်များမှတစ်ဆင့် စတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်ဗာတာမှတစ်ဆင့် အပူလွန်ကဲ မီးလောင်မှုအဖြစ် သတ်မှတ်ထားကြောင်း အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ မီးလောင်မှုမှာ ဇွန် ၁၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် စတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ ၅ နာရီခွဲတွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ခံရသည့် အိမ်အနီးနေထိုင်သူ ဒေါ်ဥမ္မာက "မီးလောင်မှု စဖြစ်တဲ့အိမ်က တံခါးပိတ်ထားတယ်။ အိမ်ထဲမှာ အဘွားကြီး တစ်ယောက်တည်း ရှိတယ်။ အဲဒီအဘွားကြီးက မီးခိုးမွှန်းပြီး အင်းစိန်ဆေးရုံမှာ အခုတင်ထားရတယ်" ဟု ဆိုသည်။
မီးလောင်မှု ဖြစ်စဉ်သို့ မီးသတ်ယာဉ် ၁၉ စီးနှင့် အုပ်ချုပ်ရေးမှူးယာဉ် တစ်စီး၊ ကွပ်ကဲရေးမှူးယာဉ် လေးစီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
EMG
မီးလောင်မှု ဖြစ်ပွားသည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)