တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ
ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဇွန်လ ၂၂
ရက်နှင့် ၂၃ ရက်နေ့များတွင် သတင်းမီဒီယာများအား ရှင်းလင်း ခဲ့ကြောင်း
သိရသည်။
"အန်တီဝါပိုင်တဲ့
မြေပေါ်မှာ ဆုထူးပန်တာဝါ (၁၂ ထပ် အဆောက် အအုံ) ဆောက်ဖို့ Father Land
ကုမ္ပဏီကို ကန်ထရိုက် ငှားခဲ့တာပါ။ အဲဒီ အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၂၃
ရက်နေ့မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန် တစ်နှစ်ကျော်တဲ့
အချိန်အထိ ဘာမှအကောင်အထည် မဖော်နိုင်သေးပါဘူး။ စာချုပ်စချုပ်တဲ့နေ့မှာ
စရန်ငွေကျပ်သိန်း ၁၀၀၀ ပေး တယ်။ ဒုတိယအကြိမ် လုပ်ငန်းသဘောအရ ကျပ်သိန်း ၇၀၀၀
ထပ်ပေး ခဲ့ပါတယ်။ စည်ပင်သာယာဘက်ကို ဆောက်လုပ်ခွင့် တင်ပြဖို့ အပိုင်းကို
လည်း တာဝန်ယူမယ်လို့ ပြောပြီးတော့ ဘာမှလှုပ်ရှားမှု မရှိခဲ့ပါဘူး။
သိန်းပေါင်း ၈၀၀၀ ယူပြီးနောက်ပိုင်း ကျပ်သိန်း ၁၀၀၀ ကို ငွေအရမ်း
ကျပ်နေလို့ဆိုပြီး ထပ်တောင်းပါတယ်။ စုစုပေါင်းကျပ် သိန်း ၉၀၀၀ ပါ။ ဒါပေမဲ့
ဘာမှမလုပ်ပြနိုင်ပါဘူး။ အခုအချိန်ထိလည်း အန်တီဝါ မြေပေါ်မှာ ပိုင် ၁
ချောင်းတောင် မရိုက်ရသေးပါဘူး။ ဒါကြောင့် မီဒီယာတွေကို အခုလို
ခေါ်ရှင်းတာပါ။ ဒီနေ့ကစပြီး Father Land ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်ကို
တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ အန်တီ ဒီကိစ္စကိုလုပ်တာ လူမျိုးရေး၊ ဘာသာရေး၊
နိုင်ငံရေး လုံးဝမပါပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ရှင်းလင်းခဲ့သည်။
"လူမှုရေးအပိုင်း အရမှာလည်း ဒီနှစ်ဖေဖော်ဝါရီလ ၉ ရက်မှာ ဆူထူးပန် တာဝါရှေ့
မြေကွက်မှာ ညသန်းခေါင်ယံအချိန် ဦးကျော်မြင့် အပါအ၀င် လူ ၄ ဦးက
အမဲသားပေါ်မှာ ဖယောင်းတိုင် လာထွန်းတယ်။ အဲဒါကို အဲဒီ နားမှာနေတဲ့
သူတွေတွေ့တယ်။ အန်တီဝါ့ကိုပြောတော့ အန်တီဝါက သူ့တို့ ဘာသာအရ
လုပ်ငန်းအောင်မြင်အောင် လုပ်တာပဲ ဆိုပြီး တွေးခဲ့ တယ်။
နောက်တစ်ပတ်လောက်ကြာတော့ အဲဒီလိုပဲ သူကိုယ်တိုင်လာပြီး ထပ်ထွန်းပါတယ်။
နောက်ဆုံးအကြိမ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှာ ထပ်လုပ်ပါတယ်။ အဲဒီလိုလုပ်ပြီး
သူတို့ပြန်သွားတော့ အဲဒီနားမှာနေတဲ့ လင်မယားနှစ်ယောက်က အနားကိုသွားပြီး
မီးလောင်နေတဲ့ ပစ္စည်းတွေကို သဲနဲ့ပက်ငြှိမ်းပြီး ပစ္စည်းတွေ သွားယူခဲ့တယ်။
သူတို့ယူလာတဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ အန်တီဝါ ဓာတ်ပုံအောက်မှာ
အင်းကွက်တွေချ ထားပြီး ဆေးဖယောင်းတွေနဲ့ မီးထွန်းထားတာ ဓာတ်ပုံကို
မီးလောင်နေပြီ။ အဲဒါကို အန်တီဝါသိတော့ အင်မတန် ၀မ်းနည်းခဲ့ရတယ်။ အဲဒါနဲ့
နောက် တစ်နေ့မှာ ဦးကျော်မြင့်ကိုခေါ်ပြီး ပြတယ်။ ဒီကိစ္စ မင်းကိုယ်တိုင်
လုပ်သလား လို့မေးတော့ သူကိုယ်တိုင်လုပ်တာပါလို့ ၀န်ခံခဲ့ပါတယ်။ သူက
အဲဒါကောင်းဖို့ လုပ်တာလို့လည်း ပြောပါတယ်။ စဉ်းစားကြည့်ပါ။
ကောင်းဖို့လုပ်တာဆိုရင် ဓာတ်ပုံကို မီးရှို့မလားလို့ မေးလိုက်တယ်။
အဲဒီမှာသူက ဒီအဆောက်အအုံကို သူနဲ့ဆက်မဆောက်လို့ ရပါတယ်လို့ ပြောသွားပါတယ်။
အန်တီဝါ အဲဒီအချိန်တုန်းက မိတ္ထီလာမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတဲ့
အချိန်မို့လို့ နှုတ်ပိတ်နေခဲ့တယ်။ ဒီလို အောက်လမ်းနည်းအရ အန်တီဝါ့ကို
တိုက်ခိုက်တယ်ဆိုတော့ အန်တီဝါဘယ်လိုမှ ဆက်မလုပ်နိုင်တော့သလို Father Land
ဆောက်လုပ်ရေးနဲ့လည်း လုံးဝမသက်ဆိုင်တော့ပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက
ဆက်လက်ရှင်းပြခဲ့သည်။
လုပ်ငန်း ဆက်မလုပ်ဖြစ်တော့၍ စရံအဖြစ်
ပေးချေထားသည့် ငွေများ အား ပြန်ပေးရန် ၁၁ ကြိမ်တိတိ ဒေါ်ဝါ၀ါဝင်းရွှေ၏ရှေ့နေ
ဦးသန်းဋ္ဌေးမှ တစ်ဆင့် ညှိနှိုင်းခဲ့ကြောင်း၊ ငွေများကို အရစ်များခွဲ၍
ပြန်ပေးဖို့ သဘောတူ ညှိနှိုင်းရန် ဇွန်လ ၂၁ ရက်နေ့အထိ ပြောခဲ့သော်လည်း
Father Land လာရောက်ခြင်း မပြုခဲ့ဘဲ ရှောင်နေကြောင်း၊ ယင်းနောက်ပိုင်း
၎င်းတို့နှင့် ဆက်မလုပ်ဘဲ မြေအားပြန်ပေးရန်ပြောတော့ မြေပြန်လိုချင်ပါက စရန်ငွေ
အဖြစ် ကျပ်သိန်း ၉၀၀၀ အဆုံးခံရမည်ဖြစ်ကြောင်း ပြောသဖြင့် မြေကြီးအား
ကျပ်သိန်း ၉၀၀၀ ဖြင့် ရွေးယူရမည့်သဘော ဖြစ်နေကြောင်း ဒေါ်ဝါ၀ါဝင်းရွှေ
ဆက်လက်ရှင်းပြခဲ့သည်။
ယခု ဆုထူးပန် တာဝါအား ဆောက်လုပ်မှု
ရပ်ဆိုင်းထားပြီး လုပ်ငန်းအပ်နှံ သူ ဒေါ်ဝါ၀ါဝင်းရွှေမှ ပေးချေသည့် ငွေပမာဏ
မူလသဘောတူထားသည့် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရမည့် ငွေပမာဏပင်
မပြည့်မီကြောင်း၊ ထပ်မံသဘောတူခဲ့သည့် ၂၁ ထပ် ဆောက်လုပ်ရန်မှာ
မဖြစ်နိုင်ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းထားရခြင်း
ဖြစ်ကြောင်း၊ အကယ်၍ လုပ်ငန်းအပ်နှံသူဘက်မှ လုပ်ငန်းဆက်မလုပ် ဖြစ်ပါက
ပေးချေထားသည့် စရံငွေ ကျပ်သိန်း ၉၀၀၀ ပြန်ပေးမည် မဟုတ်ဘဲ ဆုံးရှုံးမည်
ဖြစ်သည်ကို အကြောင်းပြန် ထားကြောင်း ဇွန်လ ၂၂ ရက်နေ့တွင် Father Land
ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက သတင်းမီဒီယာများကို
ရှင်းလင်းခဲ့သည်။
"အဓိက ပြဿနာက လုပ်ငန်းအပ်နှံသူဘက်က ပေးချေတဲ့
ငွေပမာဏ မပြည့်မီတာရယ်၊ သတင်းစာမှာ လူနေအိမ်ခန်းတွေ ရောင်းပေးဖို့
ကြော်ငြာတဲ့ ကိစ္စတွေကြောင့် အခုလို လုပ်ငန်းရပ်ထားရပြီး မီဒီယာတွေကို
ရှင်းလင်း တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လုပ်ငန်း အပ်နှံသူက
ငွေအပြည့်အ၀ ပေးမယ်ဆိုရင် ရှေ့ဆက်ပြီး လုပ်ချင်ပါတယ်။ ကျွန်တော်တို့ကလည်း
ဆက်ပြီးလုပ်မယ် ဆိုရင်လုပ်မယ်။ ဆက်မလုပ်ရင် စရံဆုံးမယ်လို့ သူတို့ကို
အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် တို့ဘက်က တတ်နိုင်သလောက်
ညှိနှိုင်းပြီးလုပ်ဖို့ တံခါးဖွင့်ပေး ထားပါတယ်" ဟုလည်း Father Land
ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက ဇွန်လ ၂၂ ရက်နေ့ သတင်းမီဒီယာများ
ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကျပ်သိန်း ၉၀၀၀ ပြန်ပေးရန်
ရှောင်နေသည့်အတွက် ဒေါ်ဝါ၀ါဝင်းရွှေ အနေဖြင့် Father Land ဆောက်လုပ်ရေး
ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားစွဲဆိုမည်လားဟု သတင်းမီဒီယာများ၏
မေးမြန်းချက်ကို "ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း နားမလည်လို့
သူ့ကိုပုံအပ်ခဲ့တာ ဖြစ်ပါ တယ်။ သူက အခုသိန်း ၉၀၀၀ ပြန်ပေးဖို့ကို
ရှောင်နေတယ်။ သူမတရား လုပ်ပြီး သိန်း ၉၀၀၀ ကို စားမယ်ဆိုရင်လည်း စားပါစေ။
ဒါပေမဲ့ သိန်း ၉၀၀၀ ဆိုတာ မနည်းပါဘူး။ ပြန်မယူဘူးလို့လည်း မဟုတ်ပါဘူး။
ရှေ့ဆက်လုပ်မယ့် ကိစ္စကို အချိန်ယူပြီး စဉ်းစားမှာပါ" ဟု
ပြန်လည်ဖြေကြားခဲ့သည်။
ကျပ်သိန်း ၉၀၀၀ မပေးချင်၍ ရှောင်နေသည့်
အပေါ်တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်းလည်း ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဒေါ်ဝါ၀ါဝင်းရွှေ၏ ရှေ့နေဖြစ်သူ ဦးသန်းဋ္ဌေးက "ဒီကိစ္စမှာ ငွေကိုအလွဲသုံးစား
လုပ်တဲ့အတွက် တရားစွဲလို့ ရပါတယ်။ ဒါပေမဲ့ ဒေါ်ဝါ၀ါဝင်းရွှေ အနေနဲ့
ဥပဒေကြောင်းအရ မလုပ်ဘူးလို့ ပြောပါတယ်။ ကာယကံရှင် ခွင့်ပြုချက် ရရင်တော့
တရားစွဲမှာပါ" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဇွန်လ ၂၄ ရက်နေ့
နိုင်ငံပိုင် သတင်းစာတွင်လည်း ဆုထူးပန် တာဝါ ဆောက်လုပ်မည့် မြေပေါ်မှ Father
Land ဆောက်လုပ်ရေး ကုမ္ပဏီ အား ၂၄ နာရီအတွင်း ထွက်ခွာပေးရန်
ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ ကြေညာ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ရွှဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်
-----------------------------------------------------------------------------------
လုပ်ငန်းရှင်တယောက်က ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို အင်းကွက်ချ၊ ဖယောင်းတိုင်နဲ့လိပ်ပြီး မီးရှို့ခဲ့ပါတယ် တဲ့။
ဒီကနေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၂ မှာ ဖော်ပြထားတဲ့ ကြော်ငြာမှာ အဲဒီလို ရေးထားတာပါ။
အဲဒီလုပ်ရပ် ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေါ်ဝါဝါဝင်းရွှေရဲ့ရှေ့နေတွေက ထည့်သွင်းထားတဲ့ အဲဒီကြော်ငြာမှာ ရေးထားပါတယ်။
ဖြစ်ပုံက ဒေါ်ဝါဝါဝင်းရွှေက သူပိုင်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံမြေနေရာမှာ ၁၂
ထပ်တိုက် "ဆုထူးပန် Tower" ဆောက်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းတခုကို
ကျပ်သိန်းပေါင်း ကိုးထောင် ပေးခဲ့တယ်၊
သို့သော်လည်း ၁၄ လ
ကြာခဲ့ပေမယ့် ဆုထူးပန်ရုပ်ရှင်ရုံကို ဖြိုတဲ့လုပ်ငန်း၊ ခြံကာတဲ့လုပ်ငန်းပဲ
ပြီးခဲ့တယ်လို့ ကြော်ငြာမှာ ရေးထားပါတယ်။
ဒါကြောင့် လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းတယ် လို့ အဲဒီကြော်ငြာမှာ ရေးထားပါတယ်။
လက်ကျန်ငွေ ပြန်ပေးဖို့ တောင်းတာလည်း မရသေးဘူး၊ ရှောင်တိမ်းနေတယ် တဲ့။
စိတ်ဝင်စားဖို့ ကောင်းတာက ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို မီးရှို့ခဲ့ရာမှာ
လုပ်ငန်းရှင်ကိုယ်တိုင် ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း ဝန်ခံချက် အသံဖိုင်လည်း
ရှိနေပါတယ် တဲ့။
မီးထွန်းတဲ့ဖြစ်ရပ်က ညသန်းခေါင်ယံတွေမှာပဲ ပေါ်ပေါက်ခဲ့ပါတယ် တဲ့။
ဒေါ်ဝါဝါဝင်းရွှေကို ချစ်တဲ့ မိတ်ကောင်းဆွေကောင်းများက ဖယောင်းတိုင်မီးကို
အချိန်မီ ငြှိမ်းသတ်ပြီး သက်သေအဖြစ် သိမ်းခဲ့တယ်လို့ ဆိုတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာပါပဲ။ (ကော်လံကို အလျားရှည်စွာ စာစီထားတာကတော့ ဖတ်ရခက် စိတ်ညစ်ဖွယ်ကောင်းလှပါတယ်)
ဓာတ်ပုံကို အင်းချပြီး မီးရှို့တာဟာ ယတြာချေတဲ့သဘော ဖြစ်ပါလိမ့်မယ်။
ယတြာ မပြီးခင် မီးငြှိမ်းခံရတဲ့အတွက် ယတြာမအောင်မြင်ဘူးလို့ ဆိုနိုင်တာပေါ့။
ယတြာတွေ၊ အစီအမံတွေ ပါဝင်နေတဲ့ ဒီအမှု ဘယ်လို ဆက်ဖြစ်မယ်၊ ဘယ်လို အဆုံးသတ်မယ် ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဧရာဝတီblog
(ဓာတ်ပုံ - ရွှေအမြုတေ)

SHARE THIS