ထိုင်း ဘုရင့်နိုင်ငံ၏ ကိုးဆက်မြောက် ချက်ကရီ မင်းဆက်ဖြစ်သော Bhumibol Adulyadej ၏ ဒုတိယမြောက် သမီးတော် မဟာချက်ကရီ သီရိဒုံသည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂ ရက်နေ့တွင် ရောက်ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မင်းသမီး သီရိဒုံသည် မြန်မာနိုင်ငံသို့ ထိုင်းဘုရင့် တပ်မတော် အကယ်ဒမီဖြစ်သည့် Chulachomklao မှ အရာရှိလောင်းများ၊ ဗိုလ်လောင်း များနှင့်အတူ ရန်ကုန်မြို့တော်သို့ လေ့လာရေးခရီး လာရောက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်း မီဒီယာများ တွင် ဖော်ပြထားသည်။
ယင်းခရီးစဉ်တွင် မင်းသမီး သီရိဒုံ ဦးဆောင်သော အဖွဲ့က ရန်ကုန်မြို့တော်ရှိ အမျိုးသားပြတိုက်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရန်ကုန် မူးယစ်ဆေးဝါး ပြတိုက်နှင့် ရွှေတိဂုံ စေတီတော်တို့ကို သွားရောက် ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် သံရုံးမှ အရာရှိများကို တွေ့ဆုံ ကာ ဇူလိုင်လ ၂ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း ယင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။
ယခု ခရီးစဉ်သည် ထိုင်းဘုရင့်သမီးတော် သီရိဒုံ၏ မြန်မာနိုင်ငံသို့ တရားဝင် လာရောက်သည့် လေးကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၏ ဖိတ်ကြားချက်ဖြင့် တစ်ကြိမ်၊ ၁၉၉၄ခု နှစ်တွင် တစ်ကြိမ်၊ ၂၀၁၀ ခုနှစ်တွင် တစ်ကြိမ် နှစ်နိုင်ငံ ချစ်ကြည်ရေး တည်မြဲစေရန်အတွက် လာရောက် လည်ပတ်ခဲ့ပြီးဖြစ်သည်။
The Voice Weekly