်
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
အမှတ်(၁) အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အန္တရာယ်ရှိစာသင်ကျောင်း ပေါင်း ၃၅၀ ကို ယခု ၂၀၁၄-၁၅ ပညာသင်နှစ်တွင် အသစ်ပြန်လည်တည်ဆောက်သွားမည်ဟု အဆိုပါဦးစီးဌာန ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ဇွန် ၂၆ ရက်တွင် အတည်ပြုပြောသည်။
အဆိုပါတာဝန်ရှိသူက “ကျောင်းတွေ တည်ဆောက်နိုင်ရေးကိုသက်ဆိုင်ရာ အစိုးရအဖွဲ့တို့က တင်ဒါခေါ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ရေရှည်ခိုင်ခန့်အောင် RC အမျိုးအစားတွေ ဆောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကရင်ပြည်နယ်မှာ တင်ဒါစခေါ်နေပါပြီ”ဟု ပြောသည်။
ကျောင်းများ တည်ဆောက်ရာတွင် အမှတ်(၁) အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းပေါင်း ၃၅၀ အပါအ၀င် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်း ၆၅၇ ကျောင်းကို ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကာ ကျပ် ၂၈ ဘီလီယံကျော် သုံးစွဲသွားမည်ဟုလည်း ၎င်းက အတည်ပြုပြောကြားသည်။
အန္တရာယ်ရှိ အခြေခံပညာကျောင်းများစာရင်းကို အမှတ်(၁) အခြေခံပညာဦးစီးဌာနက ၂၀၁၃ ခုနှစ်နှစ် လယ်ပိုင်းတွင် စတင်ကောက်ခံခဲ့ပြီး အန္တရာယ်အရှိဆုံးကျောင်းအများစုကို မွန်နှင့်ရခိုင်ပြည်နယ်တို့တွင် အများဆုံးတွေ့ရှိရသည်။
ကျောင်းများ ပြင်ဆင်ပေးခြင်းနှင့် ပတ်သက်ပြီး အထက(၁) ရန်ကင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူက “ကျောင်းအများစုက ခိုင်ခန့်မှုအားနည်းနေပါတယ်။ ပြုပြင်ပေးမယ်ဆိုရင်တော့ အတိုင်းမသိပါဘဲ။ မပြုပြင်ရင်တော့ ကလေးတွေအတွက် အန္တရာယ်ရှိပါတယ်”ဟု ပြောသည်။
အမှတ်(၁) အခြေခံပညာဦးစီးဌာနအောက်တွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းတို့ ပါဝင်သည်။
ယင်းအပြင် ကျောင်းများလိုအပ်ချက်ကို ထောက်ပံ့ပေးရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ပံ့ကြေး ကျပ် ၃၂ သန်း သုံးစွဲမည်ဖြစ်သည်ဟုလည်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက ပြောသည်။
“လိုအပ်ချက်တွေအများကြီးရှိနိုင်ပါတယ်။ ပထမအရစ်ကို ဇွန်လထဲမှာပေးခဲ့ပါတယ်။ ဒုတိယအရစ်အနေနဲ့ အောက်တိုဘာလမှာ ပေးမှာဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးမှာ ထုတ်ယူနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ ကျောင်းထောက်ပံ့ကြေးကို ကျောင်းသားဦးရေပေါ်မူတည်၍ပေးအပ်ခြင်းဖြစ်ကာ ကျောင်းသားဦး ရေ ၁၀၀ ရှိပါက တစ်နှစ်လျှင် ကျပ် ၈၀၀,၀၀၀၊ ၁၀၁ မှ ၂၀၀ ရှိပါက ကျပ် ၁၀ သိန်း၊ ၂၀၁ မှ ၃၀၀ ထိ ရှိပါ က ကျပ် ၁၂ သိန်းအသီးသီး ပေးအပ်သွားမည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက ၁၆ သန်း၊ ကမ္ဘာ့ဘဏ်က ၁၆ သန်း ကူညီပေးခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အခြေခံပညာကျောင်းများ ထောက်ပံ့ရေးစီမံချက်အဖြစ် သန်း ၁၀၀ ကူညီပေးထားပြီး ယခု ၂၀၁၄-၁၅ ပညာသင်နှစ်မှစတင်၍ အဆိုပါစီမံချက်ကို စတင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အခြေခံပညာ မူလတန်းကျောင်း ၃၀,၀၁၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၆,၆၂၉ ကျောင်းနှင့် အထက်တန်းကျောင်း၂,၇၉၅ ကျောင်းရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ စာရင်းများ အရသိရသည်။
Ref & Credit : Mizzima - News in Burmese
Posted via Blogaway