မင်းပြားမြို့ လူနေရပ်ကွက်၌ MPT တာဝါတိုင် တည်ဆောက်ခြင်းအား ကန့်ကွက်မှုအတွက် မြို့နယ်ရှိ တာဝန်ရှိလူကြီးများမှ လာရောက် ညှိနှိုင်း

မင်းပြား (Dec 29, 2015)
ရခိုင်ပြည်၊ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်၊ သင်္ဘောဆိပ်ရွာသစ်ရှိ လူနေအိမ် ခြံဝင်းအတွင်း MPT အတွက် HUAWEI ကုမ္ပဏီမှ တာဝါတိုင် တည်ဆောက်မည့် လုပ်ငန်းအပေါ် ရပ်ကွက်နေပြည်သူများမှ ကန့်ကွက်နေသည့် အတွက် မြို့နယ်တာဝန်ရှိ လူကြီးများက (၂၉-၁၂-၂၀၁၅)ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်ခန့်တွင် အဆိုပါ ရပ်ကွက်အတွင်း ရပ်ကွက်နေ ပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်း ညှိနှိုင်းဆွေးနွေးပွဲသို့ မင်းပြားမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့် လက်ထောက်အင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြေငှားရမ်းသူနှင့် တာဝါတိုင် ဆောက်လုပ်မှုအား ကန့်ကွက်သည့် ရပ်ကွက်သူ/သားများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ကန့်ကွက်သူများမှ ပြောဆိုချက်အရ ၎င်းတာဝါတိုင်ကို လူနေရပ်ကွက်အတွင်း ဆောက်လုပ်မှုကြောင့် တာဝါတိုင် မတော်တဆ ပြိုလဲမှု၊ မိုးကြိုးအန္တရာယ်၊ စက်သံဆူညံမှုကြောင့် ရပ်ကွက်နေ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်မည့် ကိစ္စများ ရှိလာနိုင်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ဆောက်လုပ်မည့် HUAWEI ကုမ္ပဏီကလည်း တာဝါတိုင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံ တာဝန်ယူမှုရှိ/မရှိ ပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူကို ညှိနှိုင်းဆွေးနွေးခဲ့ခြင်းများ မရှိခဲ့သည့် အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်ပေးခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစိတ်အပိုင်း တစ်ခုဖြစ်သည့်အတွက် တာဝါတိုင် ဆောက်လုပ်မှုကို ထောက်ခံပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာ ကုမ္ပဏီမှ ရပ်ကွက်နေ ပြည်သူများနှင့် သဖောတူညီချက်ရနိုင်အောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်ဟု သိရသည်။

မြို့နယ်စည်ပင် အမှုဆောင်အရာရှိက အဆိုပါ ကုမ္ပဏီမှ ဆောက်လုပ်ခွင့်ပြုရန် လိုအပ်သည့် အထောက်အထားများကို တင်ပြလာသည့်အတွက် ဆောက်လုပ်ခွင့် ပြုပေးရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ရပ်ကွက်နေ ပြည်သူများမှ ကန့်ကွက်မှုများ ရှိနေသည့်အတွက် ပြည်နယ်စည်ပင်ထံ တင်ပြထားရှိခဲ့ ၎င်းမှ ပြည်နယ်အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြထားသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

သို့သော် အဆိုပါ တာဝါတိုင် ဆောက်လုပ်မည့် မြေကွက်၏ အရပ် ၄ မျက်နှာမှ အိမ်နီးနား ၄ ဦးက သဖောတူကြောင်း လက်မှတ်ထိုးထားသည်မှာ မမှန်မကန် ဆောင်ရွက်ထားခြင်းသာ ဖြစ်သည့်အတွက် သေချာစွာ စိစစ်ပေးရန် အိမ်နီးနားချင်းဖြစ်သူ ဦးညိုထွန်းဦးက ဆိုသည်။

" တာဝါတိုင် ဆောက်လုပ်မယ် ဆိုကတည်းက အခုထိ ဘယ်ကုမ္ပဏီက ဘယ် ကွန်ယက်အတွက် ဆောက်မယ်။ ဘယ်နှစ်နှစ် သက်တမ်း ငှားရမ်းမယ်။ ငှားခနှုန်းက ဘယ်လောက်ရှိတယ် ဆိုတာတွေကို ရပ်ကွက်သူ/သားတွေကို သိခွင့် မပေးခဲ့ဘူး။ တာဝါတိုင် တည်ဆောက်လို့ ကောင်းကျိုးတွေအပြင် ဆိုးကျိုးတွေဖြစ်တဲ့ တာဝါတိုင် မတော်တဆ ပြိုလဲမှု၊ မိုးကြိုးအန္တရာယ်၊ နောက်ပြီး စက်သံဆူညံမှုကြောင့် ပတ်ဝန်းကျင် ပြည်သူကျန်းမာရေးကို ထိခိုက်မှု စတာတွေကို ကုမ္မဏီက တာဝန်ယူမှု ရှိ/မရှိ ပွင့်လင်းမြင်သာစွာ မရှင်းပြခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်တာပါ " ဟု အဆိုပါ ရပ်ကွက်နေ ကိုမောင်လှသိန်းက ပြောသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌက ကုမ္ပဏီအနေဖြင့် ရပ်ကွက်နေ ပြည်သူများအား ဂရုမစိုက်ဘဲ ပွင့်လင်းမြင်သာမှုရှိအောင် ရှင်းပြဆောင်ရွက်နိုင်မှု အားနည်းခဲ့သည့်အတွက် ယခုကဲ့သို့ ကန့်ကွက်မှုများ ရှိလာခဲ့သည်ဟု သုံးသပ်မိကြောင်း၊ သို့ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိပုဂ္ဂိုလ်များနှင့် ရပ်ကွက်နေ ပြည်သူများ တွေ့ဆုံညှိနှိုင်းကာ ဖြေရှင်းနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

လက်ရှိ မင်းပြားမြို့နယ်တွင် MPT အတွက် တာဝါတိုင် (၂)ခုမှာ ကျိန်းတောင်ပေါ်နှင့် သူဌေးကုန်းတောင်ကုန်းပေါ်တွင် တည်ရှိပြီး နောက်ထပ် အသစ် တည်ဆောက်မည့် MPT တာဝါတိုင် (၂)ခုဖြစ်သည့် ပြည်တော်လှရပ်ကွက် တာဝါတိုင်နှင့် ဈေးဟောင်းပိုင်းရပ်ကွက်၊ သံထောင် တာဝါတိုင် တို့မှာ ရပ်ကွက်နေပြည်သူများ ကန့်ကွက်မှုကြောင့် လုပ်ငန်းစတင်ရန် ကြန့်ကြာနေကြောင်း သိရသည်။

မင်းပြား - သတင်း
29 - 12 - 2015



SHARE THIS
Previous Post
Next Post