နေပြည်တော် ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြို့နယ်ထွေ/အုပ်၊ မမစ (ဘူးသီးတောင်)နှင့် အကောက်ခွန်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက်က ဘူးသီးတောင်မြို့ ဆိပ်ကမ်းသို့ ဝင်ရောက်လာသော 'အောင်သူဟိန်း'စက်လှေကို သတင်းအရရှာဖွေရာ မြွေရေခွံအိတ် ငါးအိတ်အတွင်း နက်စ်ကော်ဖီဂျပ်ဖာ ၁၅ ဖာဖြင့် ထည့်ထားသည့် R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ ဒသမ ၄ သိန်း ရှာဖွေတွေ့ရှိခဲ့ သဖြင့် ရေယာဉ်အုပ်စံလှနှင့် ပါဝင်ပတ်သက်သူများအား စစ်ဆေးလျက်ရှိသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မောင်တောမြို့ အနောက်ရပ်ကွက် အလယ် ရွာနေ စောဝေ၏ နေအိမ်ကို ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေရာ မြွေရေခွံအိတ် အတွင်း R စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆၆၆ သိန်း ထပ်မံသိမ်းဆည်းရမိသဖြင့် စောဝေ(၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
MOI Webportal Myanmar
ဂျပန်အကူအညီဖြင့် ကျောက်ဖြူတွင် မိုးလေ၀သရေဒါစခန်းဖွင့်ပြီ
ဂျပန်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မိုးလေ၀သတိုင်းတာရေးရေဒါစခန်း တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။
ကျောက်ဖြူမြို့နယ် မင်းပြင်ရွာရှိ အဆိုပါ 'ကျောက်ဖြူ မိုးလေ၀သတိုင်းတာရေး ရေဒါစခန်းအား အောက်တိုဘာ ၉ ရက်နေ့က ပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် ဂျပန်သံအမတ် မစ္စတာတိတ်ရှီ ဟီဂုချီတို့က ဖွင့်လှစ်ပေးခဲ့သည်။
ကျောက်ဖြူမိုးလေ၀သတိုင်းတာရေး ရေဒါစခန်းအား ၂၀၁၄ ခု မတ်လမှစ၍ တည်ဆောက်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံ Taisai Corporation မှ တာဝန်ယူသည်။ ရေဒါစက် ပစ္စည်းများ ကိုမူ ဂျပန်နိုင်ငံမှပင် Japan Radio ကုမ္ပဏီလိမိတက်မှ တာဝန်ယူ တပ်ဆင်ပေးခဲ့သည်။
စခန်းမှရရှိမည့် မုန်တိုင်းအခြေအနေ၊ လေဖိအားနည်းရပ်ဝန်းအခြေအနေ၊ မိုးရွာသွန်းမှု စသည့်မိုးလေ၀သ အအခြေအနေ များကို နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုဌာနသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့ရမည်ဟု နိုင်ငံပိုင်သတင်းစာ ကဖော်ပြသည်။
မိုးလေ၀သရေဒါ၏ ဖမ်းယူနိုင်စွမ်းမှာ အချင်း မိုင် ၅၀၀ ခန့်ရှိပြီး ၂၀၁၆ ခုတွင် ရန်ကုန်မြို့ မိုးလေ၀သရေဒါနှင့် ၂၀၁၇ ၌ ဖွင့်လှစ်မည့် မန္တလေးမြို မိုးလေ၀သရေဒါများပြီးစီးပါက တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ ရေဒါတစ်လုံး၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်ရှိသည်ဟု သိရသည်။
အောက်တိုဘာ ၉ ရက်နေ့ ရေဒါစခန်းလွှဲပြောင်းဖွင့်ပွဲသို့ ဂျပန်သံရုံးမှ ဂျပန်ကောင်စစ်ဝန်၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲတို့လည်း ဆက်ရောက်သည်။
ယခုနှစ် ဇွန်လမှ စက်တင်ဘာအတွင်း ပြည်နယ်တိုင်းများတွင် မိုးကြီးရေလျှံရေမြုပ်ခဲ့ပြီး လူ ၁၃၀ ကျော်အသက်ဆုံးရပြီး လူဦးရေ ၁၆ သိန်း ၉ သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း စက်တင်ဘာနောက်ဆုံးပတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။ ပြန်လည်ထူထောင်မှုများ ဆောင်ရွက်နေသော်လည်း လိုအပ်ချက်များရှိနေပြီး အချိန်ယူရမည်ဟုသိရသည်။
From-Mizzima
အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီဆိုင်းဘုတ်ဖျက်ဆီးခံရ
စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒလက်အုပ်စု၊ အနောက်ရွာတွင် စက်တင်ဘာ၂၂ရက်နေ့က ရခိုင်အမျိုးသားပါတီ ရဲ့ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ဆိုင်းဘုတ် အဖျက်ဆီးခံခဲ့ရသည့် အတွက် ကျေးရွာပါတီ တာဝန်ရှိသူများမှ အမ်းမြို့နယ်ပါတီရုံးသို့ ဖုန်းဆက်ပြီး အကြောင်းကြားလာသည်ဟု အမ်းမြို့နယ် ရခိုင်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်း ကပြောသည်။
“ ပါတီဆိုင်းဘုတ်အဖျက်ခံရတာဟုတ်ပါတယ်။ ပါတီဆိုင်းဘုတ်အဖျက်ခံရတာနဲ့ ပတ်သက်ပြီးတော့ စက်တင်ဘာ ၂၃ရက်နေ့မှာ ကျေးရွာပါတီက အနောက်ရွာရဲစခန်းမှာ တိုင်တန်းထားပါတယ်” ဟုဦးဇော်မင်းက နိရဉ္စရာသို့ ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အမ်းမြို့နယ် မွှားအုပ်စု၊ ပဒဲကြောကျေးရွာတွင် ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် တစ်ညတည်းတွင် ဖျက်ဆီးခံရဖူးကြောင်း သိရသည်။
စက်တင်ဘာ၂၃ ရက်နေ့တွင် ဒလက်အုပ်စု၊ အနောက်ရွာ၌ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ဆိုင်းဘုတ်ကို ဖြုတ်ချရန် လူတစ်စုက ဖိအားပေးမှုများ ရှိသည်ဟု ၎င်းကျေးရွာသားတွေက ဖုန်းဆက်၍ပြောဆိုကြောင်း ဦးဇော်မင်း ကပြောသည်။
အမ်းမြို့နယ်၊ ဒလက်အုပ်စု၊ အနောက်ရွာသည် အမှတ်(၂) မဲဆန္ဒနယ်မြေဖြစ်ကြောင်း သိရသည်။
From-Arakan State
www.laymro.com
မေတ္တာမျှဝေလူငယ် (တောင်ကြီး)အဖွဲ့ နှင့် `ဇ´ဖောင်ဒေးရှင်းတို့  ပူးပေါင်း၍ ရေဘေးသင့်ကျေးရွာများသို့ ကူညီထောက်ပံ့
(၂၄ စက်တင်ဘာလ ၊ မင်းပြား)
တောင်ကြီးမြို့ မှ မေတ္တာမျှဝေလူငယ် (လူမှုကူညီရေးအဖွဲ့ )နှင့် မင်းပြားမြို့ အခြေစိုက် `ဇ´ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ အနယ်တွင်းရှိ ရေဘေးသင့်ပြည်သူများအား ၂၁.၉.၂၀၁၅ နေ့ က ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း `ဇ´ဖောင်ဒေးရှင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်စိုးကျော်က ပြောကြားသည်။
တောင်ကြီးမြို့ မှ မေတ္တာမျှဝေလူငယ် (လူမှုကူညီရေးအဖွဲ့)၏ ပေးပို့ လှူဒါန်းသော ကျပ်ငွေ ၂၂ သိန်းတန်ဖိုးရှိ ဆန် ၊ ဆီ ၊ ဆား ၊ အဝတ်အထည် ၊ ရေသန့် များနှင့် ဆေးဝါးများအား `ဇ´ဖောင်ဒေးရှင်းမှ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရေဘေးဒဏ်အဆိုးအဝါးဆုံးကြုံတွေ့ ခဲ့သည့် ကျေးရွာများဖြစ်ကြသော ကံဖေ ၊ သံရှင်သစ် ၊ နော်နော် (ရခိုင်) နှင့် ပြားချောင်း (တောင်)ရွာ များသို့  သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ကိုမြတ်စိုးကျော်က ပြောကြားသည်။
မင်းပြားမြို့ နယ် ၊ ဆပ်ကျာအုပ်စု ၊ ကံဖေကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန် ၃ အိတ်ကို လည်းကောင်း ၊ ဆီသန့် ၁၄၂ ဗူးကို လည်းကောင်း ၊ အိုင်အိုဒင်းဆား ၁၄၂ ထုပ်ကို လည်းကောင်း ၊ အဝတ်အထည် ၁ ထုပ်ကို လည်းကောင်း ၊ ရေသန့် ၁၄၂ ဗူးလည်းကောင်း လှူဒါန်းနိုင်ခဲ့ကြောင်း `ဇ´ဖောင်ဒေးရှင်းမှ ကိုညီညီအောင်က ပြောကြားသည်။
ထို့ နောက် မင်းပြားမြို့နယ် ၊ သံရှင်အုပ်စု ၊ သံရှင်သစ် ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန် ၁၁ အိတ်ကိုလည်းကောင်း ၊ ဆီသန့်  ၅၅၅ ဗူးကို လည်းကောင်း ၊ အိုင်အိုဒင်းဆား ၅၅၀ ထုပ်နှင့် အခြားပစ္စည်းတို့ ကို ပေးအပ်ခဲ့ကြောင်း `ဇ´ဖောင်ဒေးရှင်းမှ ကိုထွန်းသိန်းမောင်က ပြောကြားသည်။
ထို့ နောက် မင်းပြားမြို့ နယ် ၊ နရမ်းအုပ်စု ၊ နော်နော် (ရခိုင်)ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန် ၃ အိတ်ကို လည်းကောင်း ၊ ဆီ ၃၃ ဗူးကိုလည်းကောင်း ၊ အိုင်အိုဒင်းဆား ၃၃ ထုပ်တို့ ကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး နရမ်း အုပ်စု ၊ ပြားချောင်း (တောင်)ရွာမှ ရေဘေးသင့်ပြည်သူများအား ဆန် ၁၃ အိတ်ကို လည်းကောင်း ၊ ဆီ များကိုလည်းကောင်း ၊ ရေသန့် ဗူးများကို လည်းကောင်း ၊ ဆားထုပ်များကို လည်းကောင်း ၊ အဝတ်အထည်များကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း ကိုကောင်းမြတ်ကျော်က ပြောကြားသည်။
မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ)
ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ် အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်မြို့နယ်တွင် တည်ရှိသော မော်တုတ်ကြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့မှ သြဂုတ်လ ၂၆ ရက်နေ့ နံနက်က ၀င်ရောက် ပစ်ခတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ကျွန်တော်တို့ သတင်းရတာက ရက္ခိုင့်တပ်မတော်က ရိက္ခာသယ်ယူနေတဲ့ မြင်း ၁၆ ကောင်ကို ဘင်္ဂလာ နယ်ခြားစောင့်တပ် ဘီဂျီဘီက ဖမ်းသွားတယ်လို့ ကြားတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ဒီနေ့မနက်က မော်တုတ်ကြီး ဘီဂျီဘီ စခန်းကို ရက္ခိုင့်တပ်မတော်က ၀င်ပစ်တယ်လို့ ကြားရပါတယ်” ဟု ရုံမော်ကျေးရွာက ဦးမောင်ထွန်းသိန်းက နိရဉ္စရာသို့ ပြောကြားသည်။
တိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ တစ်ဦး ဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရသူမှာ တပ်သားအဆင့်ရှိ ‘Zakir’ ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများက မီဒီယာများသို့ အတည်ပြုပြောကြားသည်ဟု သိရသည်။
ဒေသခံများကမူ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်သား နှစ်ဦး ကျဆုံးသည်ဟု သတင်းရကြောင်း ပြောကြားသည်။
“ ကျွန်တော်တို့ ကြားရတာက ဒီဘင်္ဂလာဘက်က နှစ်ယောက်ကျတယ်လို့ ကြားရပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘင်္ဂလာစစ်တပ်က ရဟတ်ယာဉ်တွေ ခေါက်တုန့် ခေါက်ပြန် ပျံနေတာကို တွေ့ရပါတယ်။ စစ်သားတွေကို ပို့နေတယ်လို့ သိရပါတယ်” ဟု ဦးမောင်ထွန်းသိန်းက ပြောကြားသည်။
ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားသည်ကို နိရဉ္စရာ အနေဖြင့် အတည်ပြုနိုင်သော်လည်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်သား နှစ်ဦးသေဆုံးမှုကို နိရဉ္စရာ အနေဖြင့် ယခု အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိပါ။
၎င်းအပြင် မော်တုတ်ကြီး၊ မော်တုတ်ချေ၊ ပတ်ဝန်းကျင်မှ ရက္ခိုင့်တပ်မတော်နှင့် အဆက်အသွယ်ရှိသူ ဒေသခံ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ကျေးရွာသားများကို ဘင်္ဂလာစစ်တပ်က ဖမ်းဆီးထားသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်ဟု အမည် မဖော်လိုသူ ဘင်ဒရိုဘင် ဒေသခံ တစ်ဦးက ပြောသည်။
ယခု တိုက်ပွဲ ဖြစ်ပွားရာ မော်တုတ်ကြီးကို ဘင်္ဂလာအစိုးရက ဘော်ရို မော်တုတ်ဟု ခေါ်ပြီး ရခိုင်/ မာရမာများ နေထိုင်သော ကျေးရွာတစ်ရွာ ဖြစ်သည်။ ယင်းရွာသည် ရီကြိုင်ချောင်း ( ဆင်ကူးရီဗာ) အဖျားပိုင်းတွင် တည်ရှိပြီး ကျောက်တော်မြို့နယ် အနောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသများနှင့် ဆက်စပ် တည်ရှိသည်။
From-Arakan State
အာဆီယံလူငယ်အဖွဲ့ အစည်း(မြန်မာ)မှ မင်းပြားရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ
(သြဂုတ်လ ၂၆ ၊ မင်းပြား)
မင်းပြားအခြေစိုက် `ဇ´ဖောင်ဒေးရှင်း၏ စီစဉ်ကူညီမှုဖြင့် ရန်ကုန်အခြေစိုက် အာဆီယံလူငယ်အဖွဲ့ အစည်း(မြန်မာ)မှ ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ်ရှိ ရေဘေးသင့်ကျေးရွာများသို (၂၅-၈-၂၀၁၅)နေ့ က ကိုယ်တိုင်သွားရောက်ကာ ကျပ်သိန်း ၅၀၀၀၀၀၀ ကျော်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့ နယ်သည် ရေဘေးဒဏ်အဆိုးဝါးဆုံး ခံစားခဲ့ရသည့် မြို့ နယ်များအနက် တစ်မြို့  အဝါအဝင်ဖြစ်ခဲ့ပြီး ရေအမြင့်ပေအများဆုံးတက်ရောက်ခဲ့သော ကျေးရွာများဖြစ်သည့် `တံခွန်တိုင် ၊ ချင်းဆိပ် ၊ တောတန်း ၊ ဒုံကြီးရွာများသို့  အဓိကထား၍ သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း အာဆီယံလူငယ်အဖွဲ့ အစည်းမှ ကိုခိုင်မင်းသန်းက ပြောကြားသည်။
အဆိုပါကျေးရွာများတွင် ရေကြီးမှုကြောင့် ရေအမြင့်ပေ ၁၂ ပေကျော်ခန့်  ထိတက်ခဲ့ကြောင်း တင်ကျန်ရစ်ခဲ့သည့် နှုန်းနှင့် ရွံ့  များကို မကြုံစဖူးမြင်တွေ့  ခဲ့ရပြီး အဆိုပါကျေးရွာနေ လူအများစှမှာ ဆင်းရဲနွမ်းပါးခြင်းကြောင့် ခရီးစဉ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း
လမ်းကြောင်းရွေးချယ်၊ကူညီစီစဉ်ပေးခဲ့သည့် `ဇ´ဖောင်ဒေးရှင်းမှ ကိုကောင်းမြတ်ကျော်က ပြောကြားသည်။
ထို့ နောက် အာဆီယံလူငယ်အဖွဲ့အစည်းမှ ရေဘေးသင့်ခဲ့သည့် တံခွန်တိုင်ကျေးရွာအား ဆန်အိတ် ကြီး၂၀၊ ငယ် ၁၁ အိတ်ကို လည်းကောင်း ၊ ဆီ ၁ လီတာပါ ၁၄၂ ဗှူးကို လည်းကောင်း ၊ ရေသန့်  ၁ လီတာပါ ဗူး ၅၅၆ ကိုလည်းကောင်း ၊ ခေါက်ဆွဲထုပ် ၊ ငပိထောင်း ၊ ဆပ်ပြာ ၊ လက်ဖက် ၊ အဝတ်အထည် ၊ ငခြောက်ကြော် ၊ ဓာတ်ဆား ၊ ဆား နှင့် ဆေးဝါးများကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်မြင့်ကျော်က လက်ခံရယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့ နောက်တွင် အာဆီယံ - လူငယ်အဖွဲ့အစည်းနှင့် `ဇ´ဖောင်ဒေးရှင်းတို့  အဖွဲ့ သည် မင်းပြားမြို့  နယ် ၊ သတိုးအုပ်စု ၊ ချင်းဆိပ် ကျေးရွာသို့  ရောက်ရှိခဲ့ပြီး ဆန်အိတ်ငယ် ၈၈ အိတ်ကိုလည်းကောင်း ၊ ရေသန့်ဗှူး ၅၀၀ ကျော်ကိုလည်းကောင်း ၊ ခေါက်ဆွဲထုပ် ၊ ငပိထောင်း ၊ ဆပ်ပြာ ၊ လက်ဖက် ၊ အဝတ်အထည် ၊ ငခြောက်ကြော် ၊ ဓာတ်ဆား ၊ ဆား နှင့် ဆေးဝါးများကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ချင်းဆိပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဦးရွှေသိန်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် အခြားကျေးရွာများဖြစ်ကြသော တောတန်း နှင့် ဒုံကြီးကျေးရွာများသို့  လည်း လူဦးရေ ၊ အိမ်ထောင်စုအလိုက် အလှူပစ္စည်းများ ခွဲဝေပေးထားနိုင်ခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ)
ရခိုင်ဂီတအစည်းအရုံး(ယာယီ)မှ မင်းပြားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လာရောက် ကူညီထောက်ပံ့
ံ
မင်းပြား (သြဂုတ် ၂၅၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ရေးဘေးသင့် ပြည်သူများအတွက် ရခိုင်ဂီတအစည်းအရုံး (ယာယီ)မှ အစားအစာ ရိက္ခာနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို (၂၃-၈-၂၀၁၅) ရက်နေ့ ညနေ (၄) နာရီ အချိန်ခန့်က မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ အထွေထွေအတွင်းရေးမှူး(၁) အဆိုတော် ခိုင်ကျော်လင်းက ယခု ရေဘေးသင့် ပြည်သူများသည် မိမိတို့ ရခိုင်ဂီတ၏ ပရိတ်သတ်များ ဖြစ်သောကြောင့် မိမိတို့ ပရိတ်သတ်များ ဒုက္ခရောက်နေချိန်တွင် မိမိတို့ တတ်စွမ်းနိုင်သည့်ဖက်မှ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် (၁၇-၈-၂၀၁၅) ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဂီတဖျော်ဖြေပွဲပြုရာ ကျပ်သိန်း (၂၂၀) ရရှိခဲ့ကြောင်း၊ ထိုငွေများကို ရေဘေးဒဏ် အများဆုံးခံစားခဲ့ရသော မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း ယိုးတရုတ်ရွာအနီး တြိဂံနယ်မြေနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း" အမှာစကား ပြောကြားခဲ့သည်ဟု သိရသည်။
ထို့နောက် မင်းပြားမြို့နယ်ရှိ ရေဘေးဒဏ်ခံစားခဲ့ရသော ရွာ (၁၁)ရွာအတွက် ဆန်နှင့် ရေသန့်များကို လည်းကောင်း၊ မင်းပြားမြို့နယ် ရေဘေးဒဏ်ကြောင့် သေဆုံးသွားသည့် လူ (၁၄) ဦးအတွက် တစ်ဦးလျှင် ကျပ် (၁)သိန်းစီလည်းကောင်း ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ရခိုင်ဂီတ အနုပညာရှင်များက ပေးအပ်ကာ သက်ဆိုင်သူများက လက်ခံရယူခဲ့သည်ဟု သိရသည်။
ယင်းနောက် ဤအခမ်းအနား ဖြစ်မြောက်အောင်နှင့် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့နိုင်ရေးအတွက် ပူးပေါင်း ကူညီပေးသော မင်းပြားမြို့ "ဇ" ဖောင်ဒေးရှင်းအား ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ငွေကျပ် (၁) သိန်း ပေးအပ်ခဲ့သည်ဟု သိရသည်။
"ကျွန်တော်တို့ ရခိုင်ဂီတအစည်းအရုံး (ယာယီ) က မင်းပြားမြို့နယ် ရေဘေးသင့် ပြည်သူတွေအတွက် ဆန်၊ ရေသန့် ထောက်ပံ့ငွေအပါအဝင် ငွေကျပ်သိန်း (၄၀) ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ မြောက်ဦးမြို့နယ် ရေဘေးသင့် ပြည်သူတွေအတွက်လည်း ငွေကျပ်သိန်း (၄၀) တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းတွေကို ဒီနေ့ နေ့လည်က မြောက်ဦးမြို့မှာ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ပုဏ္ဏားကျွန်း ယိုးတရုတ်ရွာအနီး တြိဂံနယ်မြေနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ဆက်လက် ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်" ဟု ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ အထွေထွေအတွင်းရေးမှူး(၁) အဆိုတော် ခိုင်ကျော်လင်းက ပြောသည်။
ထို့နောက် ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ထောက်ပံ့ပေးခဲ့သော ဆန်နှင့် သောက်ရေသန့်များကို မင်းပြားမြို့နယ်ရှိ ရေဘေးသင့်ရွာများ ဖြစ်သော င/တက်၊ ကျောက်မော်၊ ပြိုင်းချောင်း၊ အိုးပုံတောင်၊ တောင်ပုက္ကေ၊ ညောင်ခြုံ၊ ငန်းတက်၊ စိတ္တရ၊ င/ရမ၊ မြင်းတင်မ၊ ဒုံးသား စသော ရွာ (၁၁) ရွာအား "ဇ" ဖောင်ဒေးရှင်းမှ လူငယ်များက စနစ်တကျ ခွဲဝေပေးခဲ့ကြကြောင်း သိရပါသည်။
From-မင်းပြား - သတင်း
မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိ
မင်းပြား (သြဂုတ် ၂၁၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ (၂၁-၈-၂၀၁၅) ရက် နေ့က စတူပါ ကျောက်စေတီငယ် တစ်ဆူတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
မင်းပြားမြို့၌ ထူးကဲဒီရေမြင့်တက်ပြီး ရေကန်များအားလုံးလိုလို ရေဆိုးရေညစ်များ ဝင်ရောက်သွားသည့်အတွက် အဆိုပါ ရေကန်များမှ ရေဆိုးရေညစ်များကို ရေစုပ်စက်များဖြင့် စုပ်ထုတ်လျှက် ရှိကြရာ မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ မြို့မဘောလုံးကွင်းကြီး အနီးး၊ အထက(ခွဲ)လ-၁ ကျောင်းဘေး၊ ပုဏ္ဏားကန်မှ ထို စတူပါ ကျောက်စေတီငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရန်ကုန်မြို့ ပရဟိတ လူငယ်ကွန်ယက်နဲ့ မင်းပြားမြို့ Public Centre (PC) တို့ ပူးပေါင်းပြီးတော့ ဒီရေကန်က ရေဆိုးရေညစ်တွေကို စုပ်ထုတ်နေတာ ဒီနေ့ (၂၁-၈-၂၀၁၅) ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်လောက်က ဒီ စတူပါ ကျောက်စေတီငယ်ကို ရေကန် မြေကြီးထဲက တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်" လို့ မင်းပြားမြို့၊ ဈေးဟောင်းပိုင်း ရပ်ကွက်မှ ဦးလှမောင်သန်းက ပြောသည်။
"ပုဏ္ဏားကန်" ဟု ခေါ်ဆိုခြင်းမှာ ရှေးရခိုင်ဘုရင်များလက်ထက်က ပုဏ္ဏားများ တူးဖော်ခဲ့သော ရေကန်ဖြစ်၍ ယနေ့ထိ ပုဏ္ဏားကန်ဟု ခေါ်တွင်နေကြောင်း အဆိုပါ ရေကန်အနီးနေထိုင်သော အသက် (၇၀)ကျော် အဘိုးအိုတစ်ဦး ပြောပြချက်အရ သိရပါသည်။
"ဒီ ကျောက်ပစ္စည်းဟာ ဝေသာလီခေတ် စတူပါစေတီ အောက်ခြေပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီစတူပါရဲ့ အနား ဖောင်းရစ်မှာ ယေဓမ္မဟေတုပဘဝါ စာတန်းရေးထိုး ပါရှိပါတယ်။ စတူပါစေတီငယ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော် (AD- ၅ ရာစု) လောက်က ရခိုင်ပြည်၊ ဝေသာလီခေတ် ထွန်းကားစဉ် ထုဆစ်ကိုးကွယ်ခဲ့ကြပါတယ်။ ဒီ စတူပါစေတီ တွေ့ရှိတဲ့ ကျိန်းတောင်တန်းတလျှောက် ဝေသာလီခေတ်က ဗုဒ္ဓဘာသာ ကိုးကွယ်ခြင်းနဲ့ ဆက်စပ်နေတဲ့အတွက် ဒီအရပ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ လောက်က ရခိုင်လူမျိုးများ နေထိုင်ခဲ့ကြတယ်လို့ သုံးသပ်မိပါတယ်" ဟု အဆိုပါ စတူပါ စေတီငယ်ကို သွားရောက် လေ့လာခဲ့သော မင်းပြားမြို့မှ ရခိုင်သမိုင်းသုတေသီ မင်းပြား-မင်းသိန်းဇံ က ပြောပါသည်။
ယခုတွေ့ရသော စတူပါ စေတီငယ်မှာ အလျား ၁၂ လက်မခန့် အနံ ၇ လက်မခန့် အမြင့် ၁၈ လက်မခန့် ရှိပြီး မျက်နှာပြင်တစ်ဖက် ပျက်စီးနေကာ စတူပါစေတီ အပေါ်ပိုင်းလည်း ပျက်စီးခဲ့ဟန် ရှိကြောင်း ရခိုင်သမိုင်းသုတေသီ မင်းပြား-မင်းသိန်းဇံက ဆိုသည်။
ယခင်ကလည်း ဤကဲ့သို့ ကျိန်းတောင်တန်းမှ စတူပါ စေတီငယ် ၂ ဆူ ရရှိခဲ့ပြီး ကျိန်းတောင်တန်း သူဌေးကုန်းရွာ အနီးမှ ရရှိသော စတူပါစေတီငယ်ကို ရတနာ့ဗိမာန် ဘုန်းကြီးကျောင်းတွင် လည်းကောင်း၊ ကျိန်းတောင်တန်း အနောက်ဘက် အသည်ရွာအနီးမှ ရရှိသော စတူပါ စေတီငယ်ကို အသည်ရွာ ဘုန်းကြီးကျောင်းတွင် လည်းကောင်း သိမ်းဆည်းထားရှိသည်ဟု သိရသည်။
ယခု တွေ့ရှိရသော စတူပါ စေတီငယ်ကို တူးဖော်တွေ့ရှိရာ "ပုဏ္ဏားကန်" ပေါ်တွင် ယာယီထားရှိကြောင်း သိရပြီး ထိုစတူပါစေတီငယ်ကို သင့်တော်ရာနေရာတစ်ခုခု၌ ထိန်းသိမ်းပြသထားနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးတယူ လာရောက် စုံစမ်းမေးမြန်းခြင်းများ မရှိသေး၍ ထိုကန်ဘောင်ပေါ်၌ပင် ရေစုပ်အလုပ်သမားများကို စောင့်ကြည့်ခိုင်းထားရကြောင်း ဈေးဟောင်းပိုင်းရပ်ကွက်မှ ဦးလှမောင်သန်း က ဆိုပါသည်။
From-မင်းပြား - သတင်း