သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ဆန္ဒပြလယ်သမားများ တောင်းဆို

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က လယ်သိမ်းခံထားရတဲ့ လယ်သမားတချို့ဟာ အိုးအိမ်ဦးစီးဌာနရုံးရှေ့ကို သွားရောက်ပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ အနော်ရထာစက်မှုဇုန်အတွက် လယ်တွေသိမ်းခံထားရတဲ့ လယ်သမားတွေဟာ လသာမြို့နယ် အနော်ရထားလမ်းနဲ့ စဥ့်အိုးတန်းလမ်းဒေါင့်မှာ ဆန္ဒပြနေတာဖြစ်ပြီး ၂၂ ရက်မြောက်အဖြစ် ဒီနေ့ ဗိုလ်တထောင်မြို့နယ်ကို ချီတက်ပြီး အိုးအိမ်ဦးစီးဌာနရှေ့မှာ သွားရောက် ဆန္ဒပြကြတာလို့ လယ်သမားအရေး ကူညီပေးနေတဲ့ ဦးဝင်းချိုက ဒီဗွီဘီကို ပြောပါတယ်။ “ဒီနေ့မှာတော့ ကျနော်တို့ ၂၂ ရက်ကြာနေခဲ့တဲ့ အဲဒီ စဥ့်အိုးတန်းလမ်းထိပ်ကနေ စ လမ်းလျှောက်ပါတယ်။ လမ်းမတော်လမ်း၊ အဲကနေ ဗိုလ်ချုပ်လမ်းအတိုင်း တည့်တည့်လျှောက်ပြီးတော့ အိုးအိမ်ရှေ့ထိသွားပါတယ်။ အဲအတွက် မြို့နယ် ၄ ခုဖြတ်ရပါတယ်။ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားနဲ့ ဗိုလ်တထောင်မြို့နယ်တွေကို ဖြတ်ရာမှာ အဲမြို့နယ်တွေမှာ ခွင့်ပြုချက်မရှိတဲ့အတွက် မြို့နယ်မှူးတွေက ဆက်မသွားဖို့၊ လူစုလူဝေးနဲ့ ဆက်မသွားဖို့ ဆက်သွားရင် ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လှည်တာဖြစ်လို့ ဥပဒေအရ အရေးယူမယ်လို့ ပြောတယ်။ လယ်သမားတွေက ကျနော်တို့ ကျမတို့ ဆက်သွားချင်တယ် အရေးယူလည်း ယူပါလို့ ပြောတဲ့အတွက် ဆက်သွားပြီး အိုးအိမ်ရှေ့ရောက်တယ်။ အိုးအိမ်ရှေ့မှာ သတင်းဌာနတွေရဲ့ အင်တာဗျူးတွေဖြေတယ်၊ အကျိုးအကြောင်းပြောတယ်၊ ကျနော်တို့ ကိုင်လာတဲ့ စာတန်းကို အားလုံးမြင်ရအောင် ပြထားခဲ့တယ်။ ကိုင်ဆောင်လာတဲ့ စာတန်းကလည်း လယ်သမားများ၏ တခုတည်းသော တောင်းဆိုချက် ဆိုတဲ့ စာတန်းပါ။ အခု စာတန်းကိုလည်း စဥ့်အိုးတန်း လမ်းရှေ့မှာ ပြန်ထောင်ထားလိုက်ပြီ။” အိုးအိမ်ဦးစီးဌာနကို လယ်သမား ၃၀ လောက် သွားရောက် ဆန္ဒပြကြတာပါ။ လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် ဇုန် ၁ မှာ သိမ်းဆည်းထားတဲ့ လယ်မြေတွေကို လျော်ကြေးပေးဖို့ကို အာဏာပိုင်၊ လယ်သမားနဲ့ ကုမ္ပဏီ သုံးပွင့်ဆိုင်ဖြေရှင်းဖို့ လယ်သမားတွေက တောင်းဆိုတယ်လို့ ဦးဝင်းချိုက ပြောပါတယ်။ “စာတန်းမှာ အဓိကပါတဲ့ အချက်တွေကတော့ လယ်တွေကို တကယ် သိမ်းသွားတဲ့ အိုးအိမ်ဦးစီးဌာနရယ်၊ သိမ်းသွားတဲ့လယ်တွေကို လုပ်ပိုင်ခွင့်ရယူထားတဲ့ ၀ါဝါ၀င်းကုမ္ပဏီရယ်နဲ့ လယ်သိမ်းခံထားရတဲ့ လယ်သမားတွေရယ် ၃ ဦး ၃ ဖလှယ် တွေ့ဆုံညှိနှိုင်းပြီး မဖြေရှင်းမချင်း ဒီကိစ္စ ပြေလည်မှာမဟုတ်လို့ ဒီကိစ္စကို ၇ ရက်အတွင်း ဖြေရှင်းပေးပါဆိုပြီး ကျနော်တို့ ၁၄ ရက်နေ့က စတင်တောင်းဆိုခဲ့တယ်။ ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ကိစ္စက ၂၁ ရက်နေ့မှာ ပြည့်သွားလို့ မနေ့က လသာမြို့နယ်တွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ပါတယ်။” လမ်းလျှောက်ချီတက်ရာ လမ်းတလျှောက်မှာရှိကြတဲ့ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် မြို့နယ် ၄ မြို့နယ်က အာဏာပိုင်တွေက ဆန္ဒပြလယ်သမားတွေကို တရားစွဲဆိုမယ်လို့ ပြောဆိုကြတယ်လို့ ဦးဝင်းချိုက ပြောဆိုပါတယ်။ ဒီလယ်သမားတွေထံက လယ်တွေကို စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်လွန်ပိုင်းလောက်မှာ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ် မင်းလွင် -DVB ၂၂ နိုဝင်ဘာ ၂၀၁၂

SHARE THIS
Previous Post
Next Post