အဲပုဂံလေယာဉ်ပျက်ကျမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူခဲ့ရသည့် ဧည့်လမ်းညွှန် ကိုစိုးမိုးသူမှာ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့







THURSDAY, 27 DECEMBER 2012 18:16

Air Bagan လေယာဉ်ပျက်ကျမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရသည့် ဧည့်လမ်းညွှန် ကိုစိုးမိုးသူ (၃၄နှစ်) မှာ ၎င်း၏ကျန်းမာရေး အခြေအနေကောင်းမွန်မှုကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က အတည်ပြု ပြောကြားခဲ့သည်။

သို့ဖြစ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဧည့်လမ်းညွှန် ၃ ဦး၊ လေယာဉ်နှင့်ဆိုင်ကယ် ထိခိုက်မှုတွင် ဒဏ်ရာရခဲ့သူ ၁ ဦးနှင့် လေယာဉ်မှူး ၂ ဦး စုစုပေါင်း အတွင်းလူနာ ၆ ဦးမှာ ဆက်လက်ကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။

''ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ကိုစိုးမိုးသူက ဆေးရုံကဆင်းခွင့်ရတဲ့အတွက် ဒီနေ့မှာ ဆေးရုံကဆင်းသွားပြီ ဖြစ်ပါတယ်။ အခြားကျန်ရှိနေတဲ့ ကျွန်မတို့လေကြောင်းလိုင်းရဲ့ ပိုင်းလော့ ၂ ဦးနဲ့ ခရီးသည် ၁ ဦးနဲ့ ဧည့်လမ်းညွှန် ၃ ဦးကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပဲ ဆက်လက်ကုသပေးနေပါတယ်'' ဟု Air Bagan လေကြောင်းလိုင်း ၏ Deputy Director ဒေါ်ဂရေစ့်က ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန်ခရီးစဉ် ပျံသန်းသော Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန်ဖြစ်သည့် မနွယ်လင်းရှိန် သေဆုံးခဲ့ကာ ကိုးဦးဒဏ်ရာရရှိခဲ့ပြီး၊ လေယာဉ်မှူးနှစ်ဦးအပါအ၀င် စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့ ထိခိုက်ဒဏ်ရာရရှိသူများကို ပထမဦးစွာ တောင်ကြီးစပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး၊ ယင်းနေ့ညပိုင်းတွင်ပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုပေးခဲ့သည်။

အဆိုပါခရီးသည်ကိုးဦးတွင် မြန်မာနိုင်ငံသား ခုနစ်ဦးပါဝင်ပြီး ပြင်သစ်နိုင်ငံသား နှစ်ဦးပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံသားခုနစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် လက်ခံကုသပေးခဲ့ပြီး ပြင်သစ်နိုင်ငံသား နှစ်ဦးကိုမူ ပြင်ပလူနာအဖြစ် ကုသပေးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကျန်ရှိနေသည့် လူနာ ၆ ဦးမှာ မောင်ဌေးအောင် (၁၈နှစ်၊ မျက် နှာလည်ပင်း အပူလောင်ဒဏ်ရာ)၊ ဒေါ်တိုးတိုးခင် (၄၄ နှစ်၊ ခြေထောက် အရေပြားအပူလောင် ဒဏ်ရာ)၊ ကိုမြင့်ထွေး (၃၈ နှစ်၊ ခါးအောက်ပိုင်း နာကျင်ဒဏ်ရာ)၊ ကိုနေလင်းထွန်း (၂၈ နှစ်၊ ခါးနာကျင်ဒဏ်ရာ)၊ ဒေါ်ခင်အေးလှိုင် (၅၁ နှစ်၊ ခါး၊ ကျောရိုးနာကျင်ဒဏ်ရာ)၊ ဦးမောင်မောင်ထွေး (၅၆ နှစ်၊ ဦးခေါင်းရင်ပိုင်းနာကျင်ဒဏ်ရာ) တို့ဖြစ်သည်။

လေယာဉ်ပျက်ကျမှုကြောင့် ဒဏ်ရာရသူများအား တောင်ကြီးစ၀်စံထွန်းဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ရန် ဟဲဟိုးလေဆိပ်ရှိ လေယာဉ်ပေါ်တွင် တင်ဆောင်ထားသည်ကို ဒီဇင်ဘာလ ၂၅ ရက်က တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


SHARE THIS