ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊
ခန်းကိုင်တောင် အစိုးရ အမြောက်
တပ်ရင်းမှ လက်နက် ကြီးဖြင့်
ပစ်ခတ်၍ မန်ကွေးကျေးရွာမှ
ဖရဲခြံတွင် ရှိနေသော ရွာသား
လေးဦး ထိမှန်ပြီး တဦးမှာ ပွဲချင်းပြီး သေဆုံးသွား သည်ဟု လိုင်ဇာမှ ကျန်းမာရေးမှူး တဦးက ပြောသည်။
လိုင်ဇာမြို့ရှိ ဂျယ်ယန်း စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့မှာ ၎င်းတို့၏ ဖရဲခြံသို့ ရောက်ရှိနေစဉ် ကြာသပတေးနေ့ နံနက် ၁ဝ နာရီကျော်ချိန်တွင် အစိုးရ၏ အမြောက်လက်နက်ကြီး ထိမှန်၍ အမျိုးသားတဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
“သူတို့က ဂျယ်ယန်းဒုက္ခသည် စခန်းကနေ သူတို့ရွာမှာရှိတဲ့ ခြံသွားတာ အစိုးရက ဒေါ့ဖုန်းယန်ကနေ ပစ်လိုက်တာ။ တယောက်က ခေါင်းမှာထိပြီး သေဆုံးသွားတယ်” ဟု KIA ကျန်းမာရေးမှူးက မဇ္စျိမကို ပြောသည်။
ကျန်သုံးဦးမှာလည်း ဝမ်းဗိုက်၊ ပေါင်ရင်းတို့တွင် ထိမှန်ခံရ၍ ယခု လိုင်ဇာဆေးရုံတွင် ကုသမှုခံယူနေရသည်။
ယနေ့ မွန်းလွဲပိုင်း ၂ နာရီချိန်ထိ KIO အဖွဲ့၏ ဗဟိုရှေ့တန်းတပ်ဖွဲ့များနှင့် မြန်မာ အစိုးရတပ်တို့အကြား ဒေါ့ဖုန်းယန် မြို့နယ်ခွဲ လဂျားယန်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ကျောင်းသားတပ်မတော် (မြောက်ပိုင်း)မှ ပြန်ကြားရေး တာဝန်ခံ ကိုမင်းဌေး က ပြောသည်။
“ဒီမနက်မှာ အစိုးရ စစ်ကြောင်းက နားလုံ တက်လာတော့ လဂျားယန်နဲ့ နီးတယ်လေ။ အဲဒီမှာ မိုင်းထိပြီး ပြန်ဆုတ် သွားတယ်။ အခု ဒေါ့ဖုန်းယန် ပတ်ဝန်းကျင်မှာ ဖြစ်နေတယ်။ ခုတော့ ကျနော်တို့တပ် မပါသေးဘူး။ KIA တပ်ဖွဲ့နဲ့ မွန်းလွဲချောင်းအရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်နေတာ” ဟု မဇ္ဈိမကို ပြောသည်။
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှ စစ်ရဟတ်ယဉ် ၉ စီး ယနေ့ လိုင်ဇာ KIO ဌာနချုပ်အနီးသို့ လာမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များ စိုးရိမ်မှုနှင့် ကတုတ်ကျင်းများ တူးခြင်းနှင့် တဖက်တရုတ်နိုင်ငံသို့ တိမ်းရှောင်ရန် အသင့်အနေအထား ပြင်ဆင်နေကြသည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။
နံနက်ပိုင်းတွင် မြစ်ကြီးနားမှ ရဟတ်ယဉ်တစင်း လိုင်ဇာအနီးသို့ ပျံသန်းခဲ့သည်ဟုလည်း ဆိုသည်။
သတင်း (မဇ္စျိမ)
ဓါက်ပုံ (ဧရာဝတီ)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
