ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် အမှတ် (၅၃၆) ခြေမြန်တပ်ရင်းမှ အုတ်ဖုတ်ထင်းများကို ပြည်သူများထံမှ အဓမ္မ တောင်းခံခဲ့ကြောင်း သတင်း ရရှိသည်
အဆိုပါသတင်းနှင့်စပ်လျဉ်း၍ သိရှိရသည်မှာ ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့ ကို နောက်ဆုံး ထားပြီး အိမ်ထောင်စု တစ်စုစီမှ တစ်ပေခွဲ ပတ်လည်၊ လေးတောင် အရှည်ရှိ အုတ်ဖုတ်ထင်း (၁) ချောင်းကျစီ ကောက်ခံခဲ့သည်ဟု ဆိုသည်။
ကောက်ခံခဲ့သော ကျးရွာများမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျေးရွာများ ဖြစ်ကြသည့် ကျောက်ရံ၊ မောင်ဖြူရွာ၊ င/စံဘော်၊ ရေစိုးချောင်း၊ အမျက်တောင်၊ ကျောက်ကုန်ဘုတ်၊ ခရုချောင်း၊ သက်ပြေကျ၊ ပဲသဒူ၊ ရေကောင်းချောင်း ၊ အုန်းချောင်း၊ ဇီးခေါင်း အစရှိသည့် ကျေးရွာများ ဖြစ်ကြသည်။
ထိုသို့ ကောက်ခံခြင်းကို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် ကျေးရွာသားများကို အသိပေး ကြေငြာကာ ကောက်ခံခဲ့သည်ဟု ဒေသခံများက ပြောသည်။ ကြေငြာရာတွင်လည်း ထင်းပေးဆောင်ရန် ပျက်ကွက်သည့် အိမ်ထောင်စုများကို ဒဏ်ငွေရိုက်မည်ဟုလည်း ဖေါ်ပြ ပါရှိသည်ဟု ဆိုသည်။
ထိုသို့ ကောက်ခံသဖြင့် ရသေ့တောင် အခြေစိုက် ခမရ (၅၃၆) မှ အနည်းဆုံး အုတ်ဖုတ်ထင်း (၂၀ဝ၀) ကျော်ခန့်  ရရှိသွားပြီး ကာလတန်ဖိုးအားဖြင့် အဆိုပါ ထင်းများမှာ ကျပ်ငွေ ငါးသိန်းဖိုးခန့် ရှိသည်ဟု သိရသည်။
ထင်းကောက်ခံသော စစ်သားများမှာ ရခိုင်နှင့် မွတ်ဆလင် အရေးအခင်းကြောင့် ရသေ့တောင်မြို့နယ် မြောက်ဖက်ပိုင်းရှိ အာကာတောင်၊ ကံဆိပ်နှင့် ဆင်ခုန်းတိုင် (မွတ်ဆလင်) ရွာတို့တွင် လုံခြုံရေး ယူထားသော စစ်သားများ ဖြစ်ကြောင်း သိရသည်။
ခမရ ၅၃၆ ခြေမြန်တပ်ရင်းမှ ထင်းကောက်ခံရခြင်းကို အကြောင်းပြသည်မှာ ရခိုင် ပဋိပက္ခ့  အရေးအခင်းကြောင့် မွတ်ဆလင်များ တောင်တက်၍ ထင်းမခုတ်နိုင်သဖြင့် ရခိုင် ကျေးရွာ သားများမှ ကောက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
အကယ်၍ ရခိုင်ကျေးရွာများမှ ထင်းမပေးလိုလျှင် မွတ်ဆလင်များကို တောင်တက် ထင်းခုတ်ခိုင်းရမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မွတ်ဆလင်များကို တောင်ပေါ် တက်ခိုင်းပါက မလိုလားအပ်သော ပြဿနာ များ ဖြစ်ပွားလာနိုင်သဖြင့် ကျေးရွာများမှ တစ်အိမ်လျှင် တစ်ပေခွဲ ပတ်လည်၊ လေးတောင် အရှည်ရှိ ထင်း တစ်ချောင်းစီ စစ်တပ်သို့ ပေးဆောင်ရန် သဘောတူပြီးနောက် ယခုလို ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။
စစ်တပ်မှ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ မရှိတော့ကြောင်း၊ ရှိလျှင်လည်း သက်ဆိုင်ရာနှင့် ILO ကမ္ဘာ အလုပ်သမား အဖွဲ့ချုပ်သို့ တိုင်ကြားနိုင်ကြောင်း မြန်မာ အစိုးရမှ ပြောဆိုထားသော်လည်း ယခု ခမရ (၅၃၆) ၏ အုတ်ဖုတ်ထင်း ကောက်ယူမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သဘောတူညီ ချက်ဖြင့် ကောက်ခံခြင်း ဖြစ်သဖြင့် အတင်း အဓမ္မ စေခိုင်းခြင်း မြှောက်/ မမြှောက်ကို ကျေးရွာသားများက ခွဲခြားပိုင်းဖြတ်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=3687
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
