မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းရှိ ပလက်ဝဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်း စတင်


ကုလားတန်မြစ်ကြောင်းမှ ကုန်သွယ်မည့် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းရှိ ပလက်ဝဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။အဆိုပါဆိပ်ကမ်းသည် စစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယမြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ချိတ်ဆက်ပေးမည့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နှင့် စစ်တွေမြို့တို့အကြား ကုန်စည်များ တစ်ထောက်ရပ်နားရာ ဆိပ်ကမ်းတစ်ခုဖြစ်လာမည်ဟု သိရသည်။
၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံလက်မှတ်ရေးထိုး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် စစ်တွေဆိပ်ကမ်းတည်ဆောက်ရေးကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ပလက်ဝနှင့် မီဇိုရမ်ပြည်နယ်အထိ ၁၂၉ ကီလိုမီတာရှည်သည့် ကားလမ်းကို ယခုအခါတွင် ဖောက်လုပ်ထားပြီးဖြစ်သော်လည်း စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်း အပါအ၀င် မြစ်ကြောင်းသောင်တူးခြင်း လုပ်ငန်းများနှင့် ပလက်ဝကြားဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတို့သည် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ခြင်း မရှိသေးသည့်အတွက် ပြီးစီးချိန်တိုးမြှင့်ထားကြောင်း သိရသည်။

ပလက်ဝ ကြားဆိပ်ကမ်းသည် ပလက်ဝမြို့နှင့် မျက်နှာချင်းဆိုင်မြစ် တစ်ဖက်ခြမ်းတွင် တည်ရှိပြီး ဒီဇင်ဘာလတွင် မြေညှိခြင်းလုပ်ငန်းကို စတင်နေပြီဖြစ်ရာ သတ်မှတ်ကာလအတွင်း ပြီးစီးရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ၁၅၈ ကီလိုမီတာရှည်သော စစ်တွေဆိပ်ကမ်းသို့ ရေကြောင်းလမ်းဖြင့် ဆက်သွယ်နိုင်ရန် တည်ဆောက်သော ဆိပ်ကမ်းဖြစ်ပြီး ယင်းမှတစ်ဆင့် အိန္ဒိယကုန်းတွင်းပိတ်ဒေသဖြစ်သည့် မီဇိုရမ်သို့ ကားလမ်းဖြင့် ဆက်သွယ်မည်ဖြစ်ကြောင်းလည်း သိရသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းသစ်တစ်ခု ဖြစ်လာမည့် ကုလားတန်မြစ်ကြောင်း ကုန်သွယ်ရေးလမ်းကြောင်းသည် အိန္ဒိယနိုင်ငံအတွက် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို အလေးပေးဆောင်ရွက်နိုင်မှု အပိုင်းတွင် အရေးပါသော လုပ်ငန်းဖြစ်နိုင်ခြင်း ရှိမရှိကို ဒေသခံများက သုံးသပ်လျက်ရှိသော်လည်း လုပ်ငန်းပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး တာဝန်ယူလုပ်ကိုင်နေသည့် ESSAR Project (India) မှ ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ခြင်းမရှိသေးကြောင်းလည်း ဒေသခံများက ဆိုသည်။

ပလက်ဝမြို့နှင့် အိန္ဒိယနယ်စပ်အကြား အဝေးပြေးလမ်း ဖောက်လုပ်ခြင်းတို့အတွက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။ အလားတူ ပလက်ဝမှစစ်တွေဆိပ်ကမ်းအထိ ရေကြောင်းလမ်းဖောက်လုပ်မှုများကိုလည်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။ ယင်းသို့ ဖောက်လုပ်ရာတွင် ဒေသခံများ၏ အကျိုးစီးပွားကို ထိခိုက်နိုင်မှု ရှိမရှိကို လေ့လာဖော်ထုတ်ရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။

ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း-ကျောက်တော်နှင့် ပလက်ဝလေးမြို့နယ်ပါဝင်ရာ ယင်းလေးမြို့နယ်မှ ပြည်သူတို့၏ သုံးသပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်းလည်း စစ်တွေမြို့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့မှ ပြောပါသည်။

ပလက်ဝသည် ချင်းပြည်နယ်အတွင်း တည်ရှိသော်လည်း အစိုးရဌာနဆိုင်ရာ လုပ်ငန်းရပ်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မီဇိုရမ်မှ စစ်တွေဆိပ်ကမ်းအထိ ကုန်စည်များစီးဆင်းရာတွင် ပလက်ဝသည် အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်မည်ဖြစ်ပြီး ကားလမ်းနှင့်ရေလမ်းအကြား ဆက်သွယ်မည့် ကြားစခန်းတစ်ခုလည်း ဖြစ်သည်။ ယင်းအတွက် စစ်တွေဆိပ်ကမ်းကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး မူလက ၂၀၁၃ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်သော်လည်း ယခုအခါတွင် ၂၀၁၄ ခုနှစ် ဇွန်လသို့ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်းနှင့် ပလက်ဝဆိပ်ကမ်းကို ၂၀၁၆ခုနှစ် ဇွန်လသို့ ပြောင်းလဲလိုက်ကြောင်းလည်း သိရသည်။

from facebook

SHARE THIS
Previous Post
Next Post