လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြိုခွင်းမှုများအပေါ် တာဝန်ရှိသူ အားလုံးကို ပြတ်ပြတ် သားသား ဖော်ထုတ်အရေးယူပေးရန်နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း လိုက်ခြင်းအပေါ်သဘောမကျကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ သဘောထားထုတ်ပြန်သည်။
နိုဝင်ဘာလ (၂)ရက်နေ့တွင် တော်ဝင်းနှင်းဆီ၌ ကျင်းပသော နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲတွင် ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့လိုချင်တာက ပြည်သူက လိုလားလက်ခံတဲ့ ပညာရှင်တွေ၊ ပြည်သူက ယုံကြည်အားကိုးတဲ့ နိုင်ငံရေးအင်အား စုခေါင်းဆောင်တွေ ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်တစ်ရပ်ကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်။ တာဝန်ရှိသူ အားလုံးကို အရေးယူဆောင် ရွက်ပေးမယ့်စုံစမ်းရေးကော်မရှင်ကိုသာ လိုချင်တာ ဖြစ်တဲ့အတွက်ကြောင့် ယခုဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ ကနေပြီးတော့ လုံးဝသဘောမကျပါဘူး” ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ဦးလှဌေးက ပြောသည်။
အကြမ်းဖက်ဖြိုခွင်းမှုအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်းအား မူအားဖြင့်လက်ခံပြီး ဦးတည်ချက်နှင့် ဖွဲ့စည်းတဲ့ပုံစံကိုမူ သဘောမကျသည့်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့မှ ကန့်ကွက်ခြင်းဖြစ်သည်။
“ဖွဲ့စည်းလိုက်တဲ့အပေါ်ကို အန်ကယ်တို့က မူအားအဖြစ်လက်ခံလို့ရတယ်။ သူတို့က စုံစမ်းရေးကော်မရှင်ဖွဲ့မယ်ဆိုပြီး ကြေငြာ ပြီးတော့ ဒီအထဲမှာပါတဲ့ ပညာရှင်တစ်ယောက်မှကို အကြောင်း မကြားဘူး။ ဒီအပေါ်မှာတစ်ဘက်သက် လုပ်ဆောင်တာ။ ပြီးတော့ စုံစမ်းရေးကော်မရှင်က ဒီကိစ္စတွေကို ဖော်ထုတ်ဖို့ ဆိုတာမပါဘူး။ အဲ့ဒါတွေကြောင့် အန်ကယ်တို့က ကန့်ကွက်တာပါ”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းဆုကြည် ဥက္ကဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် (၂၉) ဦးဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာ (၁) ရက်နေ့တွင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မရုံးမှ အမိန့်ကြေငြာ စာအမှတ် ၉၂/၂၀၁၂ ဖြင့် ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုတွင် တာဝန်ရှိသူများအား ဖော်ထုတ်ရမည့်အပြင် ဖြိုခွင်းရာတွင် အသုံးပြုခဲ့သည့်ဗုံးအား စုံစမ်းပေးရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများမှ ကန့်ကွက်ထားကြောင်း သိရသည်။
“တာဝန်ရှိတဲ့သူတွေကို စုံစမ်းရမယ့်အပြင် ဗုံးဟာ ဘာဗုံးလည်း ဘယ်သူ့ဗုံးလဲ မြန်မာပြည်မှာ နဂိုကတည်း က ရှိတဲ့ဗုံးလား၊ မြန်မာမှာ မရှိတဲ့ဗုံးလား တရုတ်ဗုံးလား ဘာဗုံးလည်း အဲ့ဒါလေးကိုလည်း လေ့လာစုံ စမ်းပေးဖို့လည်း လိုတယ်လို့ ကျွန်တော်ယူဆပါတယ်။”ဟု ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောသည်။
from myitmakha
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)