ဒီဇင်္ဘာလ ၁၀ ရက်နေ့က စတင်သော
ရခိုင်ပြည်နယ် လွှတ်တော်တွင် အမတ်
တစ်ဦးကစစ်တွေကန်တော်ကြီးမှာ
ဟောင်းနွမ်းနေပြီ ဖြစ်သဖြင့် ပြန်လည်
ပြုပြင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ
ရခိုင်ပြည်နယ် အစိုးရမှ ဂျပန်၏ ချေးငွေ အကူအညီဖြင့် ပြန်ပြုပြင်သွားရန် စီစဉ်နေကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။
စစ်တွေ ကန်တော်ကြီးမှာ အင်္ဂလိပ်တို့ တည်ဆောက်ခဲ့သော ကန်တော်ကြီးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပြီဟု သိရသည်။
အဆိုပါ ကန်တော်ကြီးမှာ စစ်တွေမြို့သို့ ရေဖြန့်ဖြူးပေးနေသော တစ်ခုတည်းသော ရေလှောင်ကန်ကြီး ဖြစ်ပြီး သက်တမ်းအိုနေပြီ ဖြစ်သဖြင့် ကန်တော်ကြီးအား အမြန်ဆုံး ခိုင်ခန့်အောင် ပြန်လည် မွန်းမံရန် လိုအပ်နေသည်ဟု ဆိုသည်။
၎င်းပြင် ပြည်သူအများ အားကိုး အသုံးပြုနေရသော တစ်ခုတည်းသော ကန်ဖြစ်သဖြင့် ကန်တော်ကြီး၏ လုံခြုံရေးကိုလည်း တိုးမြှင့်ရန် လိုအပ်နေသည်ဟု သိရသည်။
ယခုနှစ် ဇွန်လ အတွင်းကလည်း ကန်တော်ကြီးနှင့် ဆက်စပ် တည်ရှိသော ကန်တော်ချေ (ငယ်)မှာ ပေ ၆၀ အကျယ်ခန့် ကန်ဘောင်ရိုးပြိုကျ ပျက်စီးသွားခဲ့သဖြင့် ရေဂါလံ သိန်းပေါင်း (၃၀) ခန့် ဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။
အဆိုပါ ကန်တော်ငယ် ကန်ဘောင်ရိုး ပေ ၆၀ ထိ ပြိုကျ ပျက်စီးသွားအောင်ထိ ကျိုးပျက်ရခြင်းမှာ တစ်စုံတစ်ဦး (သို့မဟုတ်) လူအဖွဲ့အစည်း တစ်ခုက ပြုလုပ်ခြင်းလား (သို့မဟုတ်) သဘာဝ အတိုင်း ပျက်စီး ခြင်းလား ဆိုသည်ကို ယနေ့တိုင် စစ်ဆေး အဖြေရှာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ကန်တော်ကြီးသာ ယခု ကန်တော်ငယ် ပေါက်ကျ သကဲ့သို့ ပေါက်ကျသွားမည် ဆိုပါက စစ်တွေ တစ်မြို့လုံး၏ ကံကြမ္မာမှာ မတွေးရဲစရာ ဖြစ်နေကြောင်း စစ်တွေမြို့ ပလုတ်တောင်ရပ်ကွက်မှ ဆရာမ ဒေါ်မေဇံက ပြောသည်။
သို့အတွက် စစ်တွေမြို့သူ မြို့သားများက စစ်တွေ ကန်တော်ကြီးကို ပြန်လည် မွန်းမံရန်နှင့် လုံခြုံရေး တိုးမြှင့် ချထားရန် လိုလားနေကြသည်ဟု သိရသည်။
“ ကျွန်တော်က ပြည်သူတွေရဲ့ ဆန္ဒ အညီနဲ့ စစ်တွေမြို့ ကန်တော်ဟောင်းကြီး ကိစ္စကို လွှတ်တော်မှာ တင်ပြပါတယ်။ ကန်တော်ကြီးဟာ နှစ်ပေါင်း တရာကျော် ရှိနေပြီ ဖြစ်တဲ့ အတွက် ကန်တော်ဟောင်းကြီး ဖြစ်နေပြီ။ ဒါကို ခိုင်ခန့်အောင် ဘယ်လို ပြုပြင်မယ်။
ပီးရင် လုံခြုံရေးကလည်း အရေးကြီးတယ်။ ဒီကိစ္စ လွှတ်တော်မှာ မေးတော့ ရခိုင်အစိုးရကတော့ ဂျပန်က ချေးငွေနဲ့ ပြန်လည် ပြုပြင်ဖို့ စီစဉ်နေတယ်ဆိုပြီး ပြန်ဖြေပါတယ်” ဟု လွှတ်တော်တွင် မေးခွန်းမေးခဲ့သူ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
ကန်တော်ကြီးတွင် လုံခြုံရေး အခြေအနေကို မေးမြန်းရာ လုံခြုံရေး တပ်ဖွဲ့ဝင် (၂) ဦးသာ ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သဖြင့် လုံခြုံရေးကို အချိန်မှီ တိုးမြှင့်ရန် လိုအပ်ကြောင်း လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်ဟု သူက ဆက်ပြောကြားသွားသည်။
နိရဉ္စရာသတင်းဌာန
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)