အစိုးရအား ဒဲရက်ဂျေမစ်ချဲလ် ချီးကျူး၊ ကချင်စစ်ပွဲဆိုင်ရာ ကြေညာချက်ထုတ်ပြန်

DETAIL NEWS

ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2013



မြန်မာအစိုးရအား အမေရိကန်သံအမတ်မှ ချီးကျူးစကားပြောသည့် ကြေညာချက်နှင့် ကချင်ပြည်နယ် အရေးနှင့်ပတ်သက်၍   ဝေဖန်အကြံပြုသည့် ကြေညာချက် စသည့်ကြေညာချက်နှစ်စောင်ကို အမေရိကန်သံရုံးမှ ဇန်န၀ါရီလ(၂၄)ရက်နေ့က ထုတ်ပြန်ခဲ့သည်။
 
မြန်မာနိုင်ငံဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၌ ထိရောက်မှုရှိစေမည့် နေပြည်တော် သဘောတူညီချက်ကို အတည်ပြုချမှတ်နိုင် ခဲ့သည့် မြန်မာအစိုးရအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီး ဒဲရက်ဂျေမစ်ချဲလ်မှ ဇန်န၀ါရီ(၂၄)ရက်နေ့တွင်  ချီးကျူး စကားပြောခဲ့သည်။
 
နေပြည်တော်သဘောတူညီချက်အား  ဇန်န၀ါရီ(၂၀)က ပြုလုပ်သည့် ပထမအကြိမ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
 
ယင်းဖိုရမ်သို့ သံအမတ်ကြီးမစ်ချဲလ်မှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား ကိုယ်စားပြုတက်ရောက် ခဲ့ပြီး  နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေးလုပ်ငန်းများ၌ အမေရိကန်ပြည်ထောင်စုမှ ဦးဆောင် အေဂျင်စီဖြစ်သော အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှ ကိုယ်စားလှယ်များ၊ အခြားသော အလှူရှင် နိုင်ငံများ၊ နိုင်ငံစုံပါဝင်သည့် အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။     
 
ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးမှာ ထိရောက်မှုရှိစေမယ့် ဒီ နေပြည်တော် သဘောတူညီချက်ထဲမှာ ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ခံမှုရှိရေးနဲ့ မြန်မာပြည် သူ အားလုံးပါဝင်နိုင်ရေး စတဲ့ အဓိကသဘောတရားတွေ အလေးပေးထားတဲ့အတွက်  အမေရိကန်ပြည် ထောင်စုက အထူးတလည် ကျေနပ်အားရ ဖြစ်မိပါတယ်၊ အမေရိကန်ပြည်ထောင်စုက ချီးကျူးဂုဏ်ပြု ပါတယ်။  ” ဟု အမေရိကန်သံ အမတ်ကြီး ဒဲရက်ဂျေမစ်ချဲလ်က ပြောသည်။     

ထို့အပြင် ၄င်းသဘောတူညီချက်ထဲတွင် အစိုးရနှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့ ဖွံ့ဖြိုးမှု မိတ်ဖက် နိုင်ငံများ၏ တူညီသော ရည်ရွယ်ချက်ဖြစ်သည့်  မြန်မာနိုင်အား ပေးအပ်မည့် ဖွံ့ဖြိုးရေးအကူအညီ များအား ထိရောက်မှု အမြင့်မားဆုံးဖြစ်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းများကိုလည်း ဖော်ပြ ထားကြောင်း သိရသည်။    
 
သမ္မတအိုဘားမား၏ ၂၀၁၂ခုနှစ် နိုဝင်ဘာ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် နှစ်နှစ်တာကာလအတွက်   မြန်မာနိုင်ငံဖွံ့ဖြိုးမှု အကူအညီ ဒေါ်လာ(၁၇၁)သန်းပေးအပ်မည်ဟု အမေရိကန်ပြည်ထောင်စုက ကြေ ညာခဲ့သည်။
 
ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေခြင်းအတွက် အမေရိကန်ပြည်ထောင်စုက အလွန်စိုးရိမ်ပူပန် မိကြောင်း ကြေညာချက်တစ်စောင်ကို ရန်ကုန်ရှိအမေရိကန်သံရုံးမှပြောခွင့်ရပုဂ္ဂိုလ်မှ ဇန်န၀ါရီလ(၂၄)ရက်နေ့ နေ့လည်ပိုင်းက သတင်းထုတ်ပြန်သည်။
 
အဆိုပါကြေညာချက်၌ မြန်မာအစိုးရ၏ ကြေညာချက်အရ ဇန်န၀ါရီ (၁၉)မှစ၍ အပစ်အခတ် ရပ်စဲ ထားပြီ ဆိုစေကာမူ   မြန်မာ့တပ်မတော်သည် ကချင်လွတ်မြောက်ရေးဌာနချုပ်တည်ရှိရာ လိုင်ဇာအနီး ၀န်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း၊  မီဒီယာနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၏ သတင်းမျာမှ  ဖော်ပြနေသည်ဟု ပါရှိသည်။
 
အရပ်သားများထိခိုက်သေကျေပျက်စီး၍  အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေသော တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေခြင်းကို အမေရိကန်ပြည်ထောင်စုမှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ကြောင်းနှင့် ထိုဒေသရှိ အရပ်သားများ၏ ဘေးကင်းလုံခြုံရေးကိုလည်း အမေရိကန်ပြည်ထောင်စုက များစွာစိုးရိမ်ပူပန်ပြီး ကုလသမ္မဂ္ဂနှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားသော အကူအညီ ပေးရေး အေဂျင်စီများ၏ အကူအညီလိုအပ်နေသော နေရာများသို့  မြန်မာအစိုးရက အတားအဆီးမရှိ ၀င်ခွင့်ပြုပါရန်တိုက်တွန်းခဲ့ကြောင်းကိုလည်း သိရသည်။
 
ကချင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန်အလို့ဌာ တွေ့ဆုံဆွေးနွေးရေး အခြေအနေတစ်ရပ် ဖန်တီးရန်အတွက် လိုအပ်သမျှကို ဆောင်ရွက်ကြပါရန် အမေရိကန်ပြည်ထောင်စု မှ နှစ်ဖက်စလုံးအား တိုက်တွန်းလိုက်ကြောင်းကိုလည်း ဖော်ပြပါရှိသည်။
 

SHARE THIS