သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အထောက်အကူ ဖြစ်ရန်အတွက် ရန်ကုန်နှင့်
သံတွဲလေဆိပ်များကို Eco-Airport များအဖြစ် ငါးနှစ်အတွင်း ပြောင်းလဲ
တည်ဆောက်ရန် လျာထားကြောင်း အာဆီယံ-ဂျပန် ပူးပေါင်းကျင်းပသည့်
ပို့ဆောင်ရေးကဏ္ဍကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ထိန်းသိမ်းခြင်းဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲမှ သတင်းရရှိသည်။ Eco-Airport ဆိုသည်မှာ
ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချခြင်း၊ အသံဆူညံမှု လျှော့ချခြင်း၊
လေဆိပ်အတွင်း လေအေးပေးစက် အသုံးမပြုစေခြင်း၊ လျှပ်စစ်စွမ်းအင်ကို
လေအားနှင့် ဆိုလာစနစ်တို့မှ ထုတ်ယူခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို
လျော့ကျစေသော လေဆိပ်အမျိုးအစား ဖြစ်သည်။
ပင်လယ်ကမ်းခြေ လေဆိပ်တစ်ခုဖြစ်သည့် သံတွဲလေဆိပ်တွင် လျာထားလေ့လာမှုများကို ပြုလုပ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။ “Eco-Airport ဖြစ်ဖို့အတွက် ဆင်းတဲ့လေယာဉ်တွေကို ကန့်သတ်ရမယ်။ ဥပမာ-ဂျက် F-28 လေယာဉ်တွေဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု များတယ်။ အဲဒီလို လေယာဉ်မျိုးကို ပေးမဆင်းဘူး။ နည်းတဲ့ ATR-72 ဆိုရင်တော့ ပေးဆင်းမယ်။ ဒီလိုကန့်သတ်ရမှာ” ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။
လေဆိပ်များတွင် အသံဆူညံမှုကို လျှော့ချနိုင်ရေးအတွက် မြေပိုများ ချန်လှပ်ထားခြင်း၊ လေဆိပ်နှင့် လေဆိပ်အနီးရှိ အဆောက်အအုံများအား အသံစုပ်ယူသော နံရံများဖြင့် တည်ဆောက်ခြင်း၊ လေယာဉ်တက်၊ ဆင်းချိန်အား သတ်မှတ်ခြင်း၊ နည်းပညာမြင့်ပြီး အသံဆူညံမှုနည်းသော လေယာဉ်အမျိုးအစားများ အသုံးပြုစေခြင်းစသည့် အချက်များဖြင့် လျှော့ချနိုင်ကြောင်း တိုကျိုတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာကာတိုက အာဆီယံ-ဂျပန် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။ ဒီလိုလေဆိပ်မျိုး လုပ်မယ်ဆို ပြီးတော့ ဂျပန်နဲ့ ဆွေးနွေးနေတာ ရှိပါတယ်။ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရပါဘူး။ ကန့်သတ်ချက်တွေ ရှိနေပါတယ်ဟု ဦးတင်နိုင်ထွန်းက ပြောသည်။ ပို့ဆောင်ရေးကဏ္ဍကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချရေးစီမံကိန်းကို မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးရေးဆွဲရမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ အဆိုပါကဏ္ဍများအတွက် ကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခန့်ထက်၊ အိဖြူလွင်