အမျိုးသမီး များအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း ရေးဆွဲလျက်ရှိ


မြန်မာနိုင်ငံရဲ့ အမျိုးသမီး များကို အကြမ်းဖက်မှုမှ ကာကွယ်ဖို့ အတွက် အမျိုးသမီး များကို အကြမ်းဖက်မှု ကနေ ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်းကို
ရေးဆွဲ လျက်ရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ ဥပဒေကြမ်း ကိုတော့ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ၊ မျိုးဆက်ပွား ကျန်းမာရေး ဥပဒေ အစရှိတဲ့ ဥပဒေ တွေကို လေ့လာပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံ နိုင်ငံများနဲ့ အခြား ကမ္ဘာ့နိုင်ငံများမှာ ပြဋ္ဌာန်း ထားတဲ့ အမျိုးသမီး ဆိုင်ရာ ဥပဒေများနဲ့ နှိုင်းယှဉ် သုံးသပ်ကာ အမျိုးသမီး များကို အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဥပဒေကြမ်း ထွက်ရှိ လာပါက ရပ်ရွာဒေသ အတွင်း အမျိုးသမီးများ အပေါ် ခွဲခြား ဆက်ဆံမှု၊ အလွဲသုံးစားမှု၊ လျစ်လျူရှုမှု၊ ခေါင်းပုံ ဖြတ်မှုများ၊ အထူးသဖြင့် အိမ်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်များကို ကြိုတင် ကာကွယ် စောင့်ရှောက်ခြင်းနဲ့ ပြန်လည် ထူထောင်ပေးခြင်း စတဲ့ လုပ်ငန်းများ ကိုလည်း သိသိသာသာ ဆောင်ရွက် လာနိုင်မှာ ဖြစ်ပါတယ်။ အခုလို ရေးဆွဲ လျက်ရှိတဲ့ ဥပဒေကြမ်း ကိုတော့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်ပြီး ကျား၊ မ ရေးရာ တန်းတူ ညီမျှဖြစ်ရေး ကွန်ရက်အဖွဲ့ GEN နဲ့ ပူးပေါင်းပြီး အမျိုးသမီး များကို အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်းကို ရေးဆွဲ လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV 4


SHARE THIS