တစ်သက်တာ ရုပ်ရှင်ဆုရှင် ဒါရိုက်တာ ဦးတင်ယု အသက် ၉၂ နှစ်တွင် ရန်ကုန်မြို့ ပုလဲကွန်ဒိုရှိ နေအိမ်တွင် ကွယ်လွန်

တစ်သက်တာ ရုပ်ရှင်ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သည့် ဒါရိုက်တာ ဦးတင်ယု အသက် ၉၂ နှစ် သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၈ နာရီ တွင် ရန်ကုန်မြို့ ပုလဲကွန်ဒိုရှိ နေအိမ်၌ ကွယ်လွန်သွားခဲ့ကြောင်းသတင်း ရရှိပါသည်။
Photo
ဒါရိုက်တာ ဦးတင်ယု သည် အသက် ၂၁ နှစ်အရွယ် ၁၉၄၁ ခုနှစ်တွင် 'ရွှေဒေါင်းတောင်' ဇာတ်ကားကို ဒါရိုက်တာ တစ်ဦး အဖြစ် စတင် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး တစ်ခေတ်တစ်ခါက အသက်အငယ်ဆုံး ဒါရိုက်တာဖြစ်လာသူ တစ်ဦး အဖြစ် မှတ်တမ်းတင် ခံထားရသူ တစ်ဦး ဖြစ်သည်။

ဒါရိုက်တာ ဦးတင်ယုကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖခင်ဂျေ-ဦးမောင်စိန်၊ အမိ ဒေါ်မြခင် တို့မှ မွေးဖွားခဲ့ပြီး အသက် ၁၈ နှစ် အရွယ်တွင် မြန်မာအဆွေကုမ္ပဏီ(ယခု အေဝမ်းရုပ်ရှင်) မှ ဦးလေးဖြစ်သူ ဒါရိုက်တာ မင်းသားကြီး ဦးတင်မောင် ရိုက်ကူးသည့် 'မြားနတ်မောင်' ဇာတ်ကားတွင် မှတ်တမ်းတင်သူ အဖြစ်မှ စတင်ကာ ရုပ်ရှင်လုပ်ငန်းကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ဦးတင်ယုသည် ၁၉၄၁ ခုနှစ်တွင် 'ရွှေဒေါင်းတောင်' ဇာတ်ကားမှ စတင်ကာ ဒါရိုက်တာ အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး  အသက် ၉၂ နှစ်အချိန်ထိ ဇာတ်ကားပေါင်း ၆ဝ ကျော် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်၍ ဘုံဘေမြို့၊ ကိုလ်ကတ္တား မြို့၊ စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် တိုကျိုမြို့များသို့ သွားရောက်ခဲ့ပါသည်။

'အလောင်းတော်ရာမ'၊ 'အောင်ခြင်းရှစ်ပါး' နှင့် 'နန်းတွင်းအရေးတော်ပုံ' ဇာတ်ကားများနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သူ ဖြစ်သည်။ ဂျပန်-မြန်မာ ပူးပေါင်း ရိုက်ကူးသော ဂျာနယ်ကျော် မမလေး၏ ဝတ္ထု 'သွေး' ဇာတ်ကားတွင် ဂျပန် ဒါရိုက်တာ မစ္စတာချီနိုနှင့် မြန်မာဘက်မှ ဒါရိုက်တာ ဦးတင်ယုတို့ ရိုက်ကူးခဲ့ကြပါသည်။ ဒါရိုက်တာ ဦးတင်ယုသည် ၂၀၀၈ ခုနှစ်တွင် ဝိဇ္ဇာ ပညာ ထူးချွန် (ဒုတိယအဆင့်) ရရှိခဲ့ပြီး မြန်မာ့ရုပ်ရှင် ဓာတ်ပုံထူးချွန်ဆုကို မြဇော် ဖလင်မှ 'မေတ္တာရွှေရည်' ဇာတ်ကားဖြင့် ရရှိခဲ့ပါသည်။ ဒါရိုက်တာ ဦးတင်ယုသည် ထင်ရှားသည့် ဇာတ်ကားများစွာ ရိုက်ကူးခဲ့သူ ဖြစ်ပြီး မောင်တို့ချယ်ရီမြေနှင့် အကျော်အမော် ဇာတ်ကားများမှာ ထင်ရှားသည့် ဇာတ်ကားများ ဖြစ်သည်။ ဒါရိုက်တာ ဦးတင်ယု နောက်ဆုံး ရိုက်ကူးခဲ့သော ဇာတ်ကားမှာ 'မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍' ဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကားဖြင့် ၂၀၀၅ ခုနှစ်အတွက် သရုပ်ဆောင် အကယ်ဒမီထွန်းအိန္ဒြာဗို က အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု၊ နိုင်နုရှိန် (ဖထီး)က ရုပ်ရှင်ဓာတ်ပုံဆုတို့ ဆွတ်ခူး ရရှိခဲ့ပါသည်။

ဒါရိုက်တာ ဦးတင်ယုကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနားတွင် ရုပ်ရှင်လောကသားများက တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုကို ပေးအပ်ခဲ့ပါသည်။ ဒါရိုက်တာဦးတင်ယု၏ အနုပညာ ဖြတ်သန်းမှု သမိုင်းကြောင်းကို ရုပ်ရှင် သမိုင်းပြတိုက်တွင် မှတ်တမ်းထားရှိရန် ဒါရိုက်တာ အောင်စိုးဦးက ရိုက်ကူးထားကြောင်း သိရှိရပါသည်။

မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍ ဇာတ်ကားဖြင့် အကယ်ဒမီဆုရရှိခဲ့သူ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ''တကယ်ထူးချွန်တဲ့ ရုပ်ရှင်ပညာရှင်တစ်ဦးပါ။ မခိုင်ကြီးတို့ မိုးကုတ်စက်ဝိုင်း ဇာတ်ကားရိုက်ကူးစဉ် ကတည်းက အသက်တော့ ကြီးနေပါပြီ။ ထိုင်ခုံမှာပဲ ထိုင်ပြီး ညွှန်ကြားနိုင်တဲ့ အခြေအနေပေါ့လေ။ မသိမနားလည်လို့ မေးတာ မှန်သမျှကို အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါတယ်။ ဒီလို ထူးချွန်တဲ့ ရုပ်ရှင် ပညာရှင်  တစ်ယောက် ကွယ်လွန် သွားတာက ရုပ်ရှင်လောက အတွက် ဆုံးရှုံးမှု တစ်ရပ်ပါပဲ'' ဟု ဝမ်းနည်းစကား ပြောကြားခဲ့ပါသည်။

ElevenMediaGroup

SHARE THIS