စပစ်ဖိုင်းယား တိုက်လေယာဉ်များ ဆက်ရှာဖွေမည်ဟု ဆိုလာပြန်ပြီ

ဒီဗွီဘီ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ မြှုပ်နှံထားတဲ့ စပစ်ဖိုင်းယား တိုက်လေယာဉ် တွေကို ဆက်လက် ရှာဖွေသွားမယ်လို့ ရှာဖွေရေးမှာပါဝင်တဲ့ ပညာရှင်က ပြောပါတယ်။

မြစ်ကြီးနားမှာ မြှုပ်နှံထားတဲ့ စပစ်ဖိုင်းယား လေယာဉ်တူးဖော်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရှာဖွေရေးမှာ ပါဝင်တဲ့ ဘူမိဗေဒပါမောက္ခ(အငြိမ်းစား) ဒေါက်တာ စိုးသိန်းက ပြောပါတယ်။

အရင်ရက်ပိုင်းက ဗြိတိသျှစပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်းတွေ ထည့်သွင်းထားတဲ့ သေတ္တာတွေကို မင်္ဂလာဒုံလေတပ်စခန်းမှာ မြှုပ်နှံခဲ့ခြင်းမရှိဘူးလို့ လေယာဉ်ရှာဖွေရေးအတွက် ကုန်ကျစရိတ် ထောက်ပံ့တဲ့ ၀ါလ်းဂိမ်းမင်း ကုမ္ပဏီက ကြေညာခဲ့ပြီးတော့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မင်္ဂလာဒုံလေဆိပ်အနီးမှာ တူးဖော်ရေးလုပ်ငန်းတွေကို ၁ လနီးပါး လုပ်ဆောင်ခဲ့ပေမယ့် လေယာဉ်တွေကို ရှာဖွေနိုင်ခဲ့ခြင်း မရှိသေးတဲ့အတွက် ကုမ္ပဏီက အရင်ရက်ပိုင်းမှာ ထုတ်ပြန်ချက်ထုတ် တောင်းဆိုခဲ့ပါတယ်။

လာမယ့်ရက်တွေမှာ ဒီလေယာဉ်ရှာဖွေရေးနဲ့ ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အခုချိန်မှာ အသေးစိတ် သတင်းအချက်အလက်တွေကို မပြောပြနိုင်သေးပေမယ့် တူးဖော်ရေးလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်ဆိုတဲ့ အကြောင်း ဒေါက်တာ စိုးသိန်းက အခုလို ပြောပါတယ်။

“သူတို့က မြန်မာပြည်မြေအနေအထားကို မသိဘဲနဲ့ မြေကို ၂ ပေ၊ ၅ ပေလောက်လေး တူးပြီးတော့ မရှိဘူးလို့ ဘယ်လိုလုပ်ပြောလို့ရမလဲ။ အနက်ကြီးမှာမြှုပ်ထားတာလေ။ ကျနော်တို့က ဒီမှာ အထောက်အထားတွေနဲ့ မကြာခင်ရှင်းပြပါမယ်။ ကျနော်တို့က မရပ်နားဘူး။ မြစ်ကြီးနားမှာ ၁၈ စင်း အုပ်စုလိုက်မို့ မြစ်ကြီးနားကို ဦးစားပေးလုပ်နေတာ။ မြစ်ကြီးနားပြီးရင် မင်္ဂလာဒုံပြန်ဆင်းမယ်။”

အရင်က စပစ်ဖိုင်းယား လေယာဉ် ၃၀ ကျော်ကို မင်္ဂလာဒုံလေဆိပ်အနီးမှာ မြုပ်နှံထားပြီးတော့ မြန်မာနိုင်ငံမှာ စုစုပေါင်း ၁၂၄ စင်း မြုပ်နှံထားတယ်လို့ ယူဆနေပါတယ်။

Photo: AP
မှ DVB TV News
စပစ်ဖိုင်းယား တိုက်လေယာဉ်များ ဆက်ရှာဖွေမည်

အေးချမ်းမွန်(အဲဆာန်မန်) မှ  DVB TV News တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

SHARE THIS