ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃
ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဆဒုံးမြို့အစိုးရတပ်စခန်းသို့ KIA
တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ အလင်း ၀င်ရောက်လာခဲ့သူမှာ ဂန့်ဂေါမြို့နယ်၊
မောက်လင့်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တပ်သားအဆင့် အသက်(၃၀)ခန့် ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် KIA တပ်မဟာ(၁)လက်အောက်ခံရင်း(၂၂)မှ ထွက်ပြေးလာခဲ့ပြီး တောထဲတွင်
(၁)ညအိပ်ကာ(၇)ရက်နေ့တွင် ဆဒုံးမြို့ရှိ တပ်စခန်းသို့ အလင်းဝင်ရောက်ခဲ့ကြောင်း ၄င်းမှပြောပြခဲ့သည်။
အလင်းဝင်ရောက်လာသူမှ ဆက်လက်ပြောပြရာတွင် ၄င်းသည် ဂန့်ဂေါမြို့နယ်မှ
ပြီးခဲ့သည့်နှစ်လယ်တွင် ကန်ပိုက်တီး ဘက်သို့ အလုပ်လုပ်ကိုင်ရန်လာရောက်စဉ် KIA လူသစ်စုခြင်းခံရပြီး
၎င်းနှင့်အတူ အမျိုးသား(၁၀)ဦးပါ တပ်သားသစ် အစုခံရကြောင်း ပြောပြပါသည်။ တပ်သားသစ်သင်တန်းပြီးဆုံးသည့်နောက်ပိုင်းတွင်
ပြည်သူများအများအပြားအသုံးပြု နေသည့် လမ်းကြောင်း များပေါ်တွင် မိုင်းထောင်ခိုင်းသည့်အတွက်
ယခုကဲ့သို့ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ၄င်းက ဆို ပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင်လည်း မိုးညှင်းမြို့ အစိုးရတပ်စခန်းတစ်ခုဆီသို့
KIA တပ်ဖွဲ့ဝင်တစ်ဦး အလင်း ၀င်ရောက် လာခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့ အကျိုးမရှိသည့်
လုပ်ရပ်များကို စွန့်လွှတ်ပြီး လမ်းမှန်ကို ရွေးချယ်ခဲ့သည့် အတွက် ပြည်သူ လူထုမှ ၀မ်းမြောက်စွာကြိုဆိုကြောင်း
ဒေသခံများထံမှ သိရသည်။