Spitfires စစ် လေယာဉ်များ မြန်မာနိုင်ငံမှာ မြှုပ်နှံထားခြင်း မရှိပါ

Sunday, February 17, 2013

ဒုတိကမ္ဘာစစ်အတွင်း မြန်မာပြည်တွင် မြှုပ်နှံထားသည်ဟု ဆိုသော
Spitfires စစ် လေယာဉ်များ တူးဖော်ရေးအစီအစဉ်ကို ရပ်နားလိုက်ပြီဟု
လေယာဉ်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့ကို ကမကထပြုသူက
ပြောဆိုကြောင်း AFP သတင်းတွင် ရေးသား ဖော်ပြထားသည်။

၁၉၄၅ ခုနှစ်က ဗြိတိသျှစစ်တပ်က ထိုလေယာဉ်များ မြှုပ်နှံထားသည်
ဟူသော ယူဆချက်ကြောင့် ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်းတွင်
လေ့လာခဲ့သေးကြောင်း အဆိုပါ သတင်းတွင် ရေးသား ဖော်ပြထားသည်။

ကွင်းဆင်းစစ်ဆေးချက်များ၊ အထောက်အထားများအရ ၁၉၄၅/၁၉၄၆ ကာလအတွင်း မင်္ဂလာဒုံလေယာဉ်ကွင်းသို့ လေယာဉ်အစိတ်အပိုင်းများ ပို့ဆောင်ခြင်း သော်လည်းကောင်း၊ မြှုပ်နှံခြင်းသော်လည်းကောင်း
ပြုလုပ်ခဲ့ခြင်း မရှိကြောင်းယခု ယုံကြည်ရသည်ဟု လေယာဉ်ရှာဖွေရေး
လုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့က ပြောဆိုသည်ဟု သတင်းတွင်
ရေးထားသည်။

အထောက်အထားများ၊ မြေပုံများ၊ ပုံများ၊ ကောင်းကင်ဓာတ်ပုံများကို စစ်ဆေးခဲ့ကြောင်း၊ မျက်မြင်သက်သေတို့ကိုလည်း စကားပြောဆိုခဲ့ကြောင်း၊
မြှုပ်နှံခဲ့သည်ဟုဆိုသော နေရာများကိုလည်း ရောက်ရှိခဲ့ကြောင်း ထိုအဖွဲ့က ပြောဆိုသည်ဟု ရေးထားသည်။

Spitfires စစ် လေယာဉ်များ မြန်မာနိုင်ငံမှာ မြှုပ်နှံထားသည် ဟူသော အချက်မှာ ဒဏ္ဍာရီသာ ဖြစ်သည်ဟူသော ရလဒ် ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဒဏ္ဍာရီသည် ၁၉၄၆ ခုနှစ်က အရှေ့တောင်အာရှဒေသ အရက်ဆိုင်များ၊ စားသောက်ဆိုင်တန်းများမှ ထွက်ပေါ်လာသည့်
ကောလဟာလပေါ်တွင် အခြေတည်ခဲ့ခြင်းဖြစ်သည်ဟု ရှာဖွေရေးအဖွဲ့၏
သောကြာနေ့ထုတ် ကြေညာချက်တွင် ရေးထားသည်ဟု ဆိုသည်။

ရှေ့မီနောက်မီ ဒေသခံတို့ကလည်း လေယာဉ်များ မြှုပ်နှံခဲ့သည်ဆိုခြင်းကို
တွေ့မြင်ခဲ့ခြင်းမရှိကြောင်း၊ ဗြိတိသျှ မှတ်တမ်းများကလည်း စစ်ပြီးတော့မည့်
ကာလတွင် မြန်မာပြည်သို့ လေယာဉ်များ ရောက်ရှိလာသည်ဟူသော အချက်ကို သက်သေခံခြင်း မရှိကြောင်း ကြေညာချက်တွင် ရေးသား
ဖော်ပြထားသည်ဟု ဆိုသည်။

သို့သော်လည်း လေယာဉ်ရှာဖွေရေးစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းရှင်
တဦးဖြစ်သူ ဦးထူးထူးဇော်က မြစ်ကြီးနား နှင့် မင်္ဂလာဒုံ လေယာဉ်ကွင်း
တို့တွင် တူးဖော်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်မည်ဟု ယနေ့ ပြောဆိုလိုက်သည်ဟု သတင်းတွင် ရေးထားသည်။

တူးဖော်ရေးလုပ်ငန်းများ စတင်ခြင်း မပြုရသေးသဖြင့် Spitfires စစ် လေယာဉ်များ ရှိမရှိကို သေချာပေါက် မပြောနိုင်သေးဟု ဦးထူးထူးဇော်က AFP သတင်းဌာနကို ပြောကြားသည်။

မိုးမခအထောက်တော် အမှတ် ဝဝ၇
မိုးမခ

SHARE THIS
Previous Post
Next Post