ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ၂ဝ၁၁ ခုနှစ် မတ် ၃ဝ
ရက်မှစ၍ နိုင်ငံတော် တာဝန်ယူခဲ့ ပြီးသည့်နောက် ၂ဝ၁၂ ခုနှစ် ဇွန် ၁ ရက်မှစ၍
မြန်မာနိုင်ငံ အတွင်းသို့ လာရောက်ကြမည့် နိုင်ငံခြား သားများအတွက်
ဆိုက်ရောက် ဗီဇာသုံးမျိုး ခွင့်ပြုခဲ့ရာ လုပ်ငန်းဗီဇာ၊
ပြည်ဝင် ဗီဇာနှင့် ဖြတ်သန်း ဗီဇာတို့ ဖြစ်သည်။ ၎င်းဗီဇာ သုံးမျိုးဖြင့် အာဆီယံ (၁ဝ)နိုင်ငံမှ နိုင်ငံသားများ အပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံသား များအား ခွင့်ပြုပေးလျက် ရှိသည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ် ဇူလိုင်မှ စ၍ မကာအိုနှင့် ဟောင်ကောင် တို့ကိုပါ ထပ်မံခွင့်ပြု ပေးခဲ့သည်။
နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများနှင့် ပွင့်လင်း မြင်သာမှု တို့ကြောင့် ဖွံ့ဖြိုး တိုးတက်လာသော နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်တို့အား တွေ့မြင် လိုသူများ၊ ရင်းနှီး မြှုပ်နှံ လိုသူများ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များနှင့် မြန်မာ နိုင်ငံ၏ သဘာဝ ရှုခင်း တို့ကို လေ့လာလိုသူ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လျက် ရှိရာ ယခင် နှစ်ကထက် ပိုမို များပြားကြောင်း သိရသည်။
ထိုင်း- မြန်မာ ချစ်ကြည်ရေးနှင့် လေ့လာရေး ခရီးစဉ် မော်တော်ယာဉ် တန်းအား မြန်မာ့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းမှ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီသို့ ထိုင်းနိုင်ငံသား ၄၉ ဦး လိုက်ပါလာသော မော်တော်ယာဉ် ၁၈ စီးသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် မြဝတီ မြို့သို့ ရောက်ရှိလာပြီး ဘားအံ၊ ရန်ကုန်၊ သန်လျင် မြို့များသို့ သွားရောက် လည်ပတ် ခဲ့ကြသည်။ အပြန် ခရီးစဉ်တွင် ကျိုက်ထီးရိုး ဘုရားသို့ ဝင်ရောက်ဖူးမြော် ခဲ့ကြပြီး ထိုမှတစ်ဆင့် မော်လမြိုင်နှင့် ဘားအံ မြို့များသို့ သွားရောက်ကာ ကော့ ကရိတ်၊ မြဝတီမှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ပြန်လည်ထွက်ခွာ သွားကြသည်။
သဘာဝ ခရီးသွားနှင့် ယဉ်ကျေးမှု ခရီးသွား လုပ်ငန်း ကုမ္ပဏီ အစီအစဉ်ဖြင့် ဂျာမနီ နိုင်ငံ အခြေစိုက် The Sea Bridge for Motor Home အဖွဲ့မှ အဖွဲ့ဝင် ၅၄ ဦးသည် မော်တော်ယာဉ် ၂၉ စီးဖြင့် အိန္ဒိယ နိုင်ငံ မိုးရေးမြို့မှ တမူးမြို့သို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရောက်ရှိ လာခဲ့သည်။ ၎င်းအဖွဲ့သည် ကလေး၊ မုံရွာ၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီသို့ သွားရောက်ကာ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားမှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ဆက်လက် ထွက်ခွာကြမည် ဖြစ်သည်။
၂ဝ၁၂ ခုနှစ်အတွင်း အာဆီယံ နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွား ၁ ဒသမ ၅၁ သန်းတို့သည် ကမ္ဘောဒီးယား နိုင်ငံသို့ ဝင်ရောက် ခဲ့ကြရာ ဗီယက်နမ် နိုင်ငံသား ၇၆၃၁ဝဝ ပါဝင်သဖြင့် အများဆုံး ဖြစ်ပြီး ထိုင်းနိုင်ငံသား ၂ဝ၁၄ဝဝ လာရောက် ခဲ့သဖြင့် တတိယ အများဆုံး ဖြစ်သည်။ မြန်မာ နိုင်ငံသား ၄၇၅ဝ ဦးနှင့် ဘရူနိုင်း နိုင်ငံသား ၉၅ဝ ဦးတို့ ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း တွေ့ရသည်။
သို့ဖြစ်၍ မြန်မာ နိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့် ခရီးသွား များတွင် အာဆီယံ နိုင်ငံသားများ ပါဝင်ကြမည် ဖြစ်သကဲ့သို့ အခြား နိုင်ငံသား များလည်း ပါဝင်ကြမည် ဖြစ်ရာ ကမ္ဘာလှည့် ခရီးသွားများ စိတ်ချမ်းမြေ့စွာ သွားလာ နိုင်ရေးနှင့် ဧည့်ဝတ် ကျေပွန်ရေး ဒေသခံ ပြည်သူ အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။