ကမ်းခြေ၌ ဗုံးဖောက်မည်ဆိုသည့်သတင်းများကြောင့် စစ်တွေဒေသခံများ စိုးရိမ်

စစ်တွေကမ်းခြေတွင် ဗုံးဖောက်ခွဲမည့်သတင်းများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ် လျက်ရှိကာ ခရီးသွားဧည့်သည် ၀င်ရောက်မှု ကျဆင်းခဲ့ကြောင်း သိရှိရသည်။

"စစ်တွေ လူစည်ကားတဲ့ ကမ်းခြေ၊ သဘောင်္ဆိပ်၊ ဘုတ်ဆိပ်နဲ့ ဗွီဒီယိုရုံတွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲကြမယ် လို့ သတင်းတွေ ထွက်နေတာကြာပြီ သင်္ကြန်မတိုင်ခင်က။ ဒေသခံတွေရော လာလည်တဲ့ ခရီးသည်တွေရော စိုးရိမ်နေကြရတယ်"ဟု စစ်တွေမြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။

အဆိုပါသတင်းများကြောင့် စစ်တွေကမ်းခြေသို့ ခရီးသည်ဝင်ရောက်မှုကျဆင်းကာ ဟိုတယ်လုပ်ငန်းအချို့ ရပ်နားဖွယ်ရှိကြောင်း စစ်တွေဟိုတယ်လုပ်ငန်းများထံက သိရှိရသည်။

"ဗုံးဖောက်ခွဲမယ်ဆိုတာတွေကြောင့် ကမ်းခြေအပန်းဖြေစခန်းတွေက ပိတ်မလား၊ မပိတ်ဘူးလားဆိုတာတော့ အတိအကျ မသိသေးဘူး။ စစ်တွေဟိုတယ်က ပိတ်ရက်မရှိဖွင့်လှစ်ပါတယ်။ အဲဒီသတင်းတွေကလည်း ကောလ ဟာလလို့ပဲ ယူဆပါတယ်။ မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်"ဟု စစ်တွေကမ်းခြေမှ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်တွေကမ်းခြေသို့နေ့စဉ်အပန်းဖြေလာရောက်သူဦးရေ (၃၀၀)မှ (၅၀၀)၀န်းကျင်ရှိပြီး အစိုးရရုံးပိတ်ရက်များ၌ လာရောက်အပန်းဖြေသူဦးရေသောင်းဂဏန်းကျော် ၀င်ရောက်လည်ပတ်လေ့ရှိကြောင်း၊ ပြည်ပ ခရီးသွား ဧည့်သည် ၀င်ရောက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

"အဲ့ဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမယ့် ပိတ်ဖို့ ပြောတာ အကြောင်းကြားမျိုးတော့မရှိသေးပါဘူး။ ခရီးသည်တော့ အ၀င်တော်တော်လေးနည်းသွားတယ်။ လုံခြုံရေးအာမခံချက်မရရင်တော့ ရက်အကန့်အသတ် မရှိ ပိတ်ထားဖို့ပဲ ရှိတယ်"ဟု ကမ်းခြေတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါသတင်းများကြောင့် စစ်တွေသို့ လာရောက်အပန်းဖြေလေ့လာလည်ပတ်သူဦးရေ သိသိ သာသာကျဆင်းလာခဲ့ပြီး ဒေသခံများအနေဖြင့်လည်း ယခုကဲ့သို့ ထွက်ပေါ်နေသော သတင်းများကြောင့် လုံခြုံရေး တိုးမြှင့်ချထားပေးရန် မျှော်လင့်မှုများရှိလာကြောင်းကိုလည်း သိရှိရသည်။

Myanmar Online News

ကမ်းခြေ၌ ဗုံးဖောက်မည်ဆိုသည့်သတင်းများကြောင့် စစ်တွေဒေသခံများ စိုးရိမ်
Tuesday, April 23, 2013

အာရကန်ကိုကို (မြစ်မခ) 
Myit Makha Mediagroup

SHARE THIS