ဆရာတော်ဦးသောဘိတအား သတ်ဖြတ်သည်ဟု သံသယရှိသူများကို စတင်စစ်ဆေး

မိတ္ထီလာအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘုန်းကြီးတစ်ပါးအား သတ်ဖြတ်ခဲ့သည်ဟု ယူဆရသော တရားခံခုနစ်ဦးကို ဧပြီ ၂၂ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း မိတ္ထီလာမြို့အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တရားခံခုနစ်ဦးကို မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းမှ ရဲအုပ်မြင့်သန်းက တရားလိုပြုလုပ် တိုင်ကြားခဲ့ပြီး ပ-၇၆၊ ပုဒ်မ (၃၀၂)၊ (၄၃၆)၊ (၁၁၄)ဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ရှိကြောင်း သတင်းရရှိသည်။

"မနေ့ကမှစပြီး ရုံးထုတ်စစ်ဆေးတာပါ။ နောက်ထပ်ပြစ်မှု ကျူးလွန်တဲ့သူတွေ ရှိ၊ မရှိဆိုတာ မသိသေးပါဘူး"ဟု မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဧပြီ ၁၀ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး မိတ္ထီလာခရိုင်တရားသူကြီးက ရာကြီးအမှုအမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မတ် ၂၀ ရက်တွင် သာစည်မြို့နယ် ဟံဇားကျေးရွာမှ မိုးကောင်းကျောင်းတိုက်ဆရာတော် ဦးသောဘိတ အသက်(၄၅)နှစ်သည် အလှူကိစ္စအတွက် ဆိုင်ကယ်ဖြင့် ဈေးဝယ်လာရာ မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက် ကားကြီးဝန်းထိပ်အနီး၌ လူ ၁၀ ဦးခန့်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ တရားခံခုနစ်ဦးမှာ မျိုးမျိုးထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မိုးဝင်း(ခ)ဒါဂျီဂန်၊ ဇော်ထက်နိုင်၊ မြတ်ကိုကို(ခ)အဏ္ဏ၀ါနှင့် ညီညီနိုင်တို့ဖြစ်ပြီး မျိုးဝင်း(ခ)မျိုးညွန့်၊ ဇော်လတ်နိုင်၊ ကိုဝင်း(ခ)ကိုကိုဝင်း(ခ)ကျော်သူဝင်းတို့ကို တရားခံပြေးအဖြစ် ဆက်လက်ဖမ်းဆီးလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day News Journal

Tuesday, April 23, 2013

SHARE THIS