လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) အတွင်းရှိ နေအိမ်တဲများအား တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ဒေသအများစုတွင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရန် အတွက် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။
ကျပ်သိန်း ၁၀၀ အောက်ဖြင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက် ရောင်းချနိုင်ရန်အတွက် ဆောက်လုပ်ရာတွင် အသုံးပြုမည့် နည်းပညာ၊ ဆောက်လုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများကို ပြည်ပသို့ထွက်ကာ လေ့လာ တွက်ချက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေးဌာန တာဝန်ရှိသူများအပြင် ဆောက်လုပ်ရေး ကုမ္ပဏီအချို့တို့သည် ထိုင်းနိုင်ငံရှိ Panotech စက်ရုံသို့ သွားရောက်ကာ လေ့လာခဲ့ပြီး တစ်ဖွဲ့လျှင် ငါးရက်ကြာ သွားရောက် လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Panotech မှ ထုတ်လုပ်သည့် ကုန်ကြမ်းများဖြင့် လက်ရှိထိုင်းနိုင်ငံတွင် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ထားကြောင်း၊ ထိုင်းနိုင်ငံရှိ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူသူများ အနေဖြင့် ပေးချေရသည့် တန်ဖိုးမှာ တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၈၀ ပင် မရှိကြောင်း၊ တစ်လလျှင်လည်း ဘတ် ၁၅၀၀ (မြန်မာကျပ် ငွေ ၄၅၀၀၀၊ ၅၀၀၀၀ ၀န်းကျင်) ၀န်းကျင်ကိုသာ လစဉ်ပေးသွင်းကာ ၀ယ်ယူနိုင်ကြောင်း သွားရောက်လေ့လာခဲ့သူများက ပြောကြားခဲ့သည်။
ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှုအပေါ် လေ့လာခရီးအား ဦးဆောင်ခေါ်ယူခဲ့သည့် ရဲမွန်ဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက "တစ်ဖွဲ့ကို ၅ ရက်လောက်ကြာတဲ့ ခရီးစဉ်အဖြစ် သွားခဲ့တယ်။ ကျပ်သိန်း ၂၀၀ ဆိုတာ တန်ဖိုးနည်း မဟုတ်ဘူး။ ကျပ်သိန်း ၁၀၀ အောက်ကျမှ တန်ဖိုးနည်းလို့ ပြောလို့ရမယ်။ အဲဒီအတွက် ကျပ်သိန်း ၁၀၀ အောက်နဲ့ ရမယ်၊ အရည်အသွေးလည်း ပြည့်မီမယ်၊ ငလျင်ဒဏ်လည်း ခံနိုင်မယ့် နည်းစနစ်မျိုးနဲ့ တည်ဆောက်တာမျိုးတွေကို လေ့လာတယ်။ Panotech က အမေရိကန် နည်းပညာနဲ့ ထိုင်းမှာထုတ်နေတာ။ ထိုင်းမှာလည်း လက်ရှိသုံးနေတယ်။ အဲဒါနဲ့ တည်ဆောက်ရင် အရည်အသွေးလည်း ကောင်းနိုင်တယ် ကျပ်သိန်း ၁၀၀ အောက်နဲ့လည်း ရောင်းနိုင်မယ်။ ဒါကို တိုင်းဒေသကြီးအချို့နဲ့ ပြည်နယ်အချို့က တာဝန်ရှိသူတွေ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ၊ တပ်ဘက်ကဆိုရင် အင်ဂျင်နီယာတပ်က တာဝန်ရှိသူတွေတောင် ပါတယ်။ အခုကတော့ လေ့လာပြီး ပြန်ရောက်ပြီ။ အစီအစဉ်တွေဆွဲပြီး နိုင်ငံတော်ကို တင်ပြဖို့ လုပ်နေပြီ။ နိုင်ငံတော်က ခွင့်ပြုရင် စဆောက်ကြလိမ့်မယ်" ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံတွင် တန်ဖိုးနည်း အိမ်ရာဟုဆိုကာ နိုင်ငံတော်ပိုင် မြေကွက်များပေါ်တွင် တည်ဆောက်ကာ အများပြည်သူသို့ ကျပ်သိန်း ၂၀၀ နှင့်အထက် ဈေးနှုန်းဖြင့် ရောင်းချရန် စီစဉ်မှုများ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရရှိမည့် တန်ဖိုးနည်း အိမ်ရာများ အကောင်အထည်ဖော်ရန် စီစဉ်လာမှု၊ ကျပ်သိန်း ၂၀၀ အပေါ် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။
Credit > Sa Maung